ဟုမ္မလင်းမြို့နယ်တွင် ရွှေမျှောတိုက်ရာမှ မြေပြိုကျသဖြင့် သားအဖသုံးယောက် မြေပိ၍သေဆုံး

ပို့စ်တင်ချိန် - 5/31/2014 07:08:00 PM


သတင်း၊ ကိုတိုးကြီး
ဟုမ္မလင်း၊ မေ ၃၀
ဖိအားပြင်းရေထိုးပိုက်ကြီးများဖြင့် တောင်ကမ်းပါးရံကြီးများကို ဖြိုချ၍ ရွှေမျှောတိုက်လျက်ရှိသော ရွှေတူး ဖော်ရေးလုပ်သားကြီးသုံးဦးသည် ရုတ်တရက်မြေပြိုကျသဖြင့် မြေပိကာ သေဆုံးသွားခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး ဦးကျော် နိုင်မှ မေလ ၂၉ ရက်နေ့ မနက် ၈ နာရီခွဲအချိန်က မိုင်းကိုင်းနယ်မြေရဲစခန်းသို့ လာရောက်အကြောင်းကြား ခဲ့သည်ဟု သိရသည်။
ရာအိမ်မှူး ဦးကျော်နိုင်၏ အကြောင်းကြားချက်များအရ မိုင်းကိုင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်ဝင်းနှင့်အဖွဲ့ သည် ညောင်ကုန်းကျေးရွာအနီး ရွှေတူးဖော်ရေးလုပ်ကွက်ရှိရာအရပ်သို့သွားရောက်ခဲ့ကြပြီး သေဆုံးသူ များနှင့် ပတ်သက်၍ မှတ်တမ်းများရယူရာတွင် မေလ ၂၈ ရက်နေ့က ဦးသာညို အသက်(၄၆)နှစ်၊ မောင် ကျော်ဆန်းဦး အသက်(၁၉)နှစ်၊ မောင်သန်းဇော်ဦး အသက်(၁၆)နှစ် ၎င်းတို့ သားအဖသုံးယောက်နှင့် ကိုသန်းလွင် ဆိုသူတို့သည် တစ်လုံးထိုးအင်ဂျင်စက်တစ်လုံးဖြင့် ရွှေတူးဖော်နေရာတွင် ၎င်းတိုးအနီးရှိ တောင်ကမ်းပါးရံမှ ရုတ်တရက်မြေများပြိုကျလာပြီး မြေပိကာ ဦးသာညိုတို့ သားအဖသုံးယောက်မှာ မြေပိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းမြေပြိုကျချိန်တွင် ကိုသန်းလွင် ဆိုသူမှာ အလျင်အမြန်ထွက်ပြေး တိမ်း ရှောင်နိုင်သည့်အတွက် အသက်ဘေးမှလွတ်မြောက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မြေပိ၍ သားအဖသုံးယောက်သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ မှုခင်းဆေးပညာအရ ဆက်လက်ပြီး စစ်ဆေးဆောင်ရွက်နိုင်ရန် ရာအိမ်မှူး ဦးကျော်နိုင်မှ တရားလိုပြုလုပ်ကာ မိုင်းကိုင်းနယ်မြေရဲစခန်း၌ တိုင် တန်းခဲ့သဖြင့် နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၉/ ၂၀၁၄)အရ အမှုရေးဖွင့်ဆောင်ရွက်လျက် ရှိကြောင်း ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း