ပုသိမ် ၈၈မျိုးဆက် ပြန်ကြားရေးတာဝန်ခံကို ဗီဒီယိုရိုက်ကူးရေးလိုင်စင် မရှိဟုဆိုကာ အမှုဖွင့်

ပို့စ်တင်ချိန် - 5/31/2014 11:59:00 PM


စည်သူမောင်မောင်

ပုသိမ်၊ မဇ္ဈိမ။ ။ နိုင်ငံရေးပွဲအများစုကို မှတ်တမ်းရိုက်ကူးပေးသည့် ပုသိမ်မြို့၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့၏ သတင်းပြန်ကြားတာဝန်ခံ ဦးမြင့်ကိုအား ဗီဒီယိုရိုက်ကူးရေးလိုင်စင်မရှိဘဲ ရိုက်ကူးသည်ဟုဆိုကာ ဧရာဝတီတိုင်း၊ အသည်ကြီးရဲစခန်းက မေလ ၃ဝရက် ညနေတွင် ဖမ်းဆီးကာ ထိုနေ့ည ၁၂နာရီခန့်က အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။

“ဗွီဒီယိုလုပ်ငန်းလိုင်စင် မရှိလို့ဆိုပြီး အိမ်မှာ ဝင်ပြီးဖမ်းတာ၊ အခွန်ဆောင်ဖို့ကို ၂၃ ရက်နေ့က အစည်းအဝေးပြောတယ်၊ မဆောင်ရင် ဖမ်းမယ်လို့တော့ပြောတယ်၊ ဖမ်းတဲ့အချိန်မှာ ကျွန်တော် ဗွီဒီယိုရိုက်နေတာလည်း မဟုတ်ဘူး၊ အလုပ်လုပ်နေတဲ့ အချိန်လည်းမဟုတ်ဘူး၊ သူတို့ လုပ်တာ အခွန်ဆောင်စေချင်လို့မဟုတ်ဘူး ဖမ်းချင်လို့ လုပ်တာမျိုးဖြစ်နေတယ်၊ အခွန်ကို ဘယ်နေ့  နောက်ဆုံးဆောင်လို့ စာထုတ်တာလည်းမရှိဘူး၊ စာနဲ့ အကြောင်းကြားထားတာမျိုးလည်းမရှိဘူး”ဟု ပုသိမ်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြင့်ကို က မဇ္ဈိမကို ပြောသည်။

မေလ ၂၃ရက်က ဗွီဒီယိုရိုက်ကူးရေးလုပ်ငန်း လိုင်စင်အစည်းအဝေးကို တက်ရောက်သူ ဦးသီဟက “သူတို့ ပြောခဲ့တာ အရေးယူမယ် ဖမ်းဆီးမယ် ပစ္စည်းမသိမ်းဘူး၊ နောက်ရိုက်ကူးနေတဲ့နေရာမှာ လာရောက်ဖမ်းမယ်၊ ပွဲပြီးအောင်ရိုက်ပြီးမှဖမ်းမယ်၊ သတိပေးမယ် လိုင်စင်လုပ်ခိုင်းမယ်ဆိုပြီး ပြောခဲ့တယ်၊ အခုလုပ်တာ သူတို့ ပြောတာနဲ လုပ်တာနဲ့ မဆိုင်သလိုဖြစ်နေတယ်”ဟု ပြောသည်။

ယင်းအပြင် ပုသိမ်မြို့တွင် ဗွီဒီယိုလုပ်ငန်းအခွန်ကို အချို့က ၄၂,ဝဝဝကျပ်၊ အချို့က ၄၃,၅ဝဝကျပ် ပေးဆောင်ရပြီး ပြေစာစာရွက်တွင် ၃ဝ,၅ဝဝ ကျပ် ပေးဆောင်သည်ဟုသာ ရေးထားကြောင်း ဗွီဒီယိုရိုက်သူများက ပြောကြသည်။

အမှုဖွင့် ခံထားရသူ ဦးမြင့်ကိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပွဲများ၊ ၈၈ မျိုးဆက်ပွဲများ နိုင်ငံရေးအခမ်းအနားများကို တာဝန်ယူရိုက်ကူးပေးသူဖြစ်သည်။ ပုသိမ်မြို့တွင် ဗွီဒီယို ရိုက်ကူးသူ ၄ဝနှင့် ၅ဝအကြားတွင်ရှိပြီး လိုင်စင်မဆောင်သူများလည်း ရှိသော်လည်း ဦးမြင့်ကို တစ်ဦးတည်းကိုသာ ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

“သူတို့ မှာ ရည်ရွယ်ချက်ရှိလို့ လုပ်တာလို့မြင်တယ်၊ အခွန်မဆောင်ရသေးတဲ့ သူတွေ အများကြီးပဲ၊ ပြီးတော့ အခွန်ဆောင်ချိန်ဆိုတာ တိတိကျကျ သတ်မှတ်ရမယ်၊ မသတ်ဘဲလုပ်တာ ဘာအတွက်လဲ”ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့ အစည်းမှ ဦးစိုးလှိုင်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဗွီဒီယိုအခြေခံဆင်ဆာအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လှကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တနင်္လာနေ့ ရုံးဖွင့်မှသာ ဖြေဆိုနိုင်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် ဦးမြင့်ကို အား ဧရာဝတီတိုင်း၊ အသည်ကြီးရဲစခန်းမှ ပ ၁ဝ၁/၂ဝ၁၄၊ပုဒ်မ ၃၂(က) ဖြင့် အမှုဖွင့်ထားသည်။

ဗီဒီယိုလုပ်ငန်း လိုင်စင်မရှိဘဲ စီးပွားရေး အလို့ငှာ(ဝင်ငွေရရှိ၍) ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ခြင်းကို ထောင်ဒဏ် ၃နစ်အထိဖြစ်စေ၊ ငွေဒဏ် တစ်သိန်း ဖြစ်စေ၊ နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။ ယခုကဲ့သို့ ဗီဒီယိုလုပ်ငန်းလိုင်စင် မရှိ၍ ဖမ်းဆီးခြင်းသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ဖမ်းဆီးခြင်း ဖြစ်သည်။

Mizzima Burmese