ဓားကိုင် တိုက်ခိုက်ခဲ့တဲ့ သားကို သေဒဏ် ချမှတ်ဖို့ မိဘတွေ တောင်းဆို

ပို့စ်တင်ချိန် - 5/31/2014 07:33:00 AM


တိုင်ပေမြေအောက် မီးရထား ထဲမှာ လူလေးယောက်ကို စိတ်လွတ်ကိုယ်လွတ် ဓားနဲ့ ထိုးသတ် ခဲ့သူရဲ့ မိဘတွေက အင်္ဂါနေ့က နစ်နာသူတွေရဲ့ မိသားစုတွေကို တောင်းပန်ခဲ့ပြီး သူ့ကို မြန်နိုင်သမျှ မြန်မြန် ကွပ်မျက်ပေး ဖို့လည်း တောင်းဆို ခဲ့ပါတယ်။

အသက် ၂၁ နှစ် အရွယ် ချိန်ချီယာရဲ့ မိဘ နှစ်ပါးကို သတင်းထောက်တွေ ၊ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေရဲ့ ဆွေမျိုးတွေက ဝိုင်းအုံနေကြ ပါတယ်။

သူတို့ နှစ်ယောက်ဟာ ဦးထုပ်တွေနဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ပြီး တိုင်ပေမြို့ပြင်ရှိ ချိန်ချီယာကို ဖမ်းဆီးခဲ့တဲ့ မြေအောက် မီးရထား ဘူတာရုံမှာ သုံးကြိမ်တိုင်တိုင် ဝပ်တွား အရိုအသေ ပြုခဲ့ပါတယ်။

သူက ကျွန်တော်တို့ရဲ့ သား ဆိုပေမဲ့ သူ ကျူးလွန်ခဲ့တဲ့ အပြစ်က ခွင့်လွှတ် နိုင်စရာ မရှိပါဘူး လို့ ချန် ရဲ့ ဖခင်က ရှိုက်ကြီးတငင် ငိုရင်း ပြောပါတယ်။

သူ့ကို သေဒဏ် ပေးသင့်တယ် လို့ ကျွန်တော် ထင်တယ်၊ ဒီ ပြစ်ဒဏ်ကို သူ့ဘာသာ ရင်ဆိုင် သင့်ပါတယ်၊ ဒါကသာ သေဆုံးသူ၊ ဒဏ်ရာရ သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အနည်းငယ် သက်သာရာ ရစေမှာပါ လို့လည်း သူက ပြောခဲ့ ပါသေးတယ်။

မြန်နိုင်သမျှ မြန်မြန် ပြစ်ဒဏ် ချမှတ်ပေး ဖို့လည်း သူက တရားသူကြီး တွေကို တိုက်တွန်း ခဲ့ပါတယ်။ ချန် နောက်ဘဝမှာ မှန်ကန်တဲ့ လုပ်ရပ် တစ်ခုကို လုပ်နိုင်လိမ့်မယ် လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် လို့လည်း သူ့ရဲ့ အဖေက ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

ချိန်ချီယာ ဟာ လူလေးယောက်ကို သတ်ပြီး လူ ၂ဝ ကျော်ကို ထိခိုက် ဒဏ်ရာရအောင် လုပ်ခဲ့တာပါ။

ကလေးဘဝ ကတည်းက ကြီးမားတဲ့ အရာ တစ်ခုကို လုပ်ချင် ခဲ့တာပါ၊ ဒီကိစ္စကို ဘွဲ့ရပြီးမှ လုပ်ဖို့ ဆုံးဖြတ် ထားပေမဲ့ ပြီးခဲ့တဲ့ အပတ်ကမှ သတ်မှတ်ထားတဲ့ အချိန် မတိုင်ခင် လုပ်ဖို့ ဆုံးဖြတ် ခဲ့တာပါ လို့ သူက ရဲဌာနမှာ ပြောကြား ခဲ့ပါတယ်။

တိုက်ခိုက်သူမှာ စိတ်ရောဂါ ရှိတယ် ဆိုတဲ့ မှတ်တမ်း မရှိပါဘူး။

ချိန်ချီယာ ဟာ အွန်လိုင်း လူသတ်ဂိမ်း တွေကို စွဲလမ်း ခဲ့သလို အထက်တန်း ကျောင်းသား ဘဝ ကတည်းက ကြောက်မက်ဖွယ် ဇာတ်လမ်း တွေကိုလည်း ရေးသား ခဲ့ပါတယ်။

Modern