ပုဒ်မ ၄၃၆ ဆိုတာ ဘာလဲ။ ဘာကြောင့် ဘယ်လို ပြင်ချင်တာလဲ .. (ကိုထိုက်)

ပို့စ်တင်ချိန် - 5/31/2014 11:41:00 AM


ပုဒ်မ ၄၃၆ ဆိုတာ ဘာလဲ။
- ပုဒ်မ ၄၃၆ ဆိုတာ အခြေခံဥပဒေကို (လိုအပ်ရင်) ပြင်ဆင်နိုင်ဖို့ စည်းကမ်းသတ်မှတ်ထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။

- ပုဒ်မ ၄၃၆ ကို ဘာကြောင့် ပြင်ချင်တာလဲ။
- တိုင်းပြည် တစ်ပြည်ရဲ့ အခြေခံ ဥပဒေဆိုတာ တိုင်းပြည် တစ်ခုလုံးရဲ့ အသက်ဖြစ်တာကြောင့် အခြေခံ ဥပဒေကို လိုအပ်ရင် ပြင်ဖို့အတွက် "မလွယ်လွန်း၊ မခက်လွန်း" တဲ့ သတ်မှတ်ချက် ဖြစ်ရမှာ ဖြစ်ပါတယ်။

- မလွယ်လွန်း၊ မခက်လွန်း ဆိုတာ ဘာကို ဆိုလိုတာလဲ။
- အခြေခံဥပဒေထဲက အချက် တစ်ချက်ဟာ ခေတ်နဲ့ မလျှော်ညီတာသော်လည်းကောင်း၊ တိုင်းပြည်အတွက် အကျိုးယုတ်စေတာသော်လည်းကောင်း ဖြစ်လာတာမျိုး အပြင်၊ အခြား သတ်မှတ်ချက် အသစ်တွေကို အခြေခံ ဥပဒေထဲ ထပ်တိုးပြီး ပေါင်းထည့်ဖို့ လိုအပ်လာတာသော်လည်းကောင်း ဖြစ်လာရင် ... အခြေခံ ဥပဒေကို ပြင်ဖို့ လိုအပ်လာပါတယ်။ အဲဒီအခါ ... ပြင်ဖို့ လိုအပ်နေပေမယ့် ... ပြင်ဖို့အတွက် မဖြစ်နိုင်လောက်အောင် ခဲယဉ်းနေရင် ... မပြင်နိုင်ဘဲ ... မသင့်တော်တဲ့ ဥပဒေတွေကို တိုင်းပြည်တွင်းက လူအားလုံးက လိုက်နာနေရပြီး တိုင်းပြည် တိုးတက်ဖို့ ခဲယဉ်းပါလိမ့်မယ်။

အလားတူ အခြေခံ ဥပဒေဟာ ပြင်ဖို့ လွယ်လွန်းနေလို့ ခဏ ခဏ ပြင်နေရင်လည်း တိုင်းပြည်ဟာ မတည်မငြိမ်ဖြစ်ပြီး လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ စိတ်တိုင်းကျ ချယ်လှယ်နိုင်စရာဥပဒေ ဖြစ်သွားရင် တိုင်းပြည်အတွက် အန္တရာယ်ကြီးပါတယ်။

ဒါကြောင့် ပြင်ဖို့အတွက် "မလွယ်လွန်း၊ မခက်လွန်း" တဲ့ ဥပဒေ ဖြစ်ဖို့ လိုပါတယ်။

- လက်ရှိ အခြေခံ ဥပဒေဟာ ပြင်ဖို့ လွယ်လွန်းသလား၊ ခက်လွန်းသလား။
- လက်ရှိ အခြေခံ ဥပဒေဟာ ပြင်ဖို့ ခက်လွန်းနေပါတယ်။ ဒီအတွက် ပြင်ဆင်နိုင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

- ဘယ်လိုကြောင့် ပြင်ဖို့ ခက်လွန်းတယ်လို့ သတ်မှတ်ရတာလဲ။
- ခပ်လွယ်လွယ် ပြောရရင် ... လက်ရှိ အခြေခံ ဥပဒေကို ပြင်ဖို့ အတွက် မြန်မာနိုင်ငံသား အားလုံးက ပြင်ချင်တာတောင် တပ်မတော်သား ကိုယ်စားလှယ် တွေက မပြင်ဘူးလို့ ပြောလိုက်တာနဲ့ အခြေခံ ဥပဒေဟာ ပြင်လို့ မရတော့ပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်တွေဆိုတာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သူတွေဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ကိုသာ သစ္စာ စောင့်သိ အမိန်နာခံရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေက ပြင်ဖို့ ပြောနေတာတောင် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်းက တစ်နိုင်ငံလုံးရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး မပြင်ဘူးလို့ ပြောလိုက်တာနဲ့ ပြင်လို့ မရတော့ပါဘူး။ စာရေးသူ အပါအဝင် မြန်မာ တနိုင်ငံသားလုံးဖြစ်တဲ့ သန်း ၅၀ ကျော် လူထုရဲ့ ဆန္ဒဟာ လူတစ်ယောက်ရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့ ဥပဒေ ဖြစ်နေပါတယ်။

ခပ်ရိုးရိုး ပြောရရင် ... စာဖတ်သူ အပါအဝင် မြန်မာနိုင်ငံသား အားလုံးဟာ အရေးမပါတဲ့ လူတွေ ဖြစ်ပြီး ... ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်က လုပ်ချင်ရာ လုပ်ပိုင်ခွင့် အာဏာရှိသူ ဖြစ်နေပါတယ်။

- အခြားအချက်တွေရော ရှိပါသေးလား။
- အထက်က အချက်ကို ကျော်လွန်နိုင်လို့ လွှတ်တော်က အတည်ပြုပြီးတာတောင် .... တနိုင်ငံလုံးက မဲပေးနိုင်သူ (ဥပမာ ၃၅ သန်း ရှိတယ် ဆိုရင်) မဲပေးသူ ၁၇ သန်းခွဲ + ၁ ယောက် က ပြင်ဆင်ဖို့ ထောက်ခံမဲလာပေးမှ အခြေခံ ဥပဒေပြင်ဖို့ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲမှာ မဲလာပေးသူဟာ ၁၇ သန်းခွဲ + ၁ မပြည့်ဘူးဆိုရင် ... ထောက်ခံသလား၊ ကန့်ကွက်သလား ဆိုတဲ့ မဲကို ရေတွက်စရာတောင် မလိုဘဲ ပြင်လို့ မရတာ့ဘူးလို့ ဆိုလိုနေတာ ဖြစ်ပါတယ်။

ဒီတော့ စစ်ပွဲ ဖြစ်နေတဲ့ ဒေသက လူတွေ၊ နိုင်ငံခြားရောက်နေသူတွေ၊ အကြောင်းကြောင်းကြောင့် မဲမပေးနိုင်သူတွေထပ်ပေါင်း တွက်လိုက်ရင် ... မဲပေးသူ ၁၇ သန်းခွဲ ရဖို့ဟာ အင်မတန် ခက်ခဲနေပါတယ်။

ဒါကြောင့် အခြေခံ ဥပဒေဟာ အင်မတန် ပြင်ဖို့ ခက်လွန်းနေတယ်လို့ ပြောရတာ ဖြစ်ပြီး ... ပြင်ဖို့ ခက်လွန်းတဲ့အခါ တိုင်းပြည်မှာ လိုအပ်လို့ ပြင်ဆင်စရာ ရှိလာရင် မပြင်နိုင်တာ ဖြစ်လာနိုင်တာ ဖြစ်ပြီး တိုင်းပြည်အတွက် အနှောက်အယှက် ဖြစ်လာနိုင်ပါတယ်။

- ဒါဆို ၄၃၆ ကို ဘယ်လောက် အတိုင်းအတာအထိ ပြင်မလဲ။
- ပထမ အဆင့်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၇၅ % ကျော် သဘောတူမှ ပြင်ဆင်နိုင်တယ် ဆိုတာကို ၃ ပုံ ၂ ပုံ (၆၆.၆၇%) သဘောတူရင် ပြင်နိုင်တယ် ဆိုတာနဲ့ အစားထိုးသင့်ပါတယ်။ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဖို့အတွက် သဘောထား ကောက်ခံရာမှာ ပြည်သူ့ကိုယ်စားလှယ် မဟုတ်သူ စစ်သားတွေက မဲပေးခွင့် မရှိဘဲ ... ပြည်သူက ရွေးကောက်တင်မြှောက်သူတွေကသာ မဲပေး ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် ဆိုတာကို ဖြည့်စွက်မယ်ဆိုရင်တော့ ... ပိုမို သင့်တော်ပါလိမ့်မယ်။

ဒုတိယ အဆင့်မှာတော့ "မဲပေးခွင့် ရှိသူ စုစုပေါင်းရဲက ထက်ဝက်ကျော်" ဆိုတဲ့ သတ်မှတ်ချက်ကို ဖျက်ပြီး .. ဆန္ဒခံယူပွဲမှာ မဲအများ ရရင် အတည်ဖြစ်တယ် ဆိုတာနဲ့ သာ သတ်မှတ်သင့်ပါတယ်။ ဥပမာ လူ ၁၀ သန်းက မဲလာပေးပြီး လူပေါင်း ၅ သန်း နဲ့ တစ်ယောက်က အတည်ပြုတယ် ဆိုရင် .. အနိုင်ရမယ့် သတ်မှတ်ချက်သာ ဖြစ်သင့်ပါတယ်။ လက်ရှိသတ်မှတ်ချက်မှာ လူ ၁၀ သန်းက မဲလာပေးရင် ဆန္ဒခံယူပွဲ အထမမြောက်တာကြောင့် အခြေခံဥပဒေကို ပြင်လို့ မရနိုင်တော့တာမျိုး ဖြစ်နေပါလိမ့်မယ်။

အထက်ပါ အချက် နှစ်ချက်ကို ပြင်ဆင်ဖို့ ပြောနေတာဟာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပြောနေတာရဲ့ အနှစ်သာရ ဖြစ်ပါကြောင်း ...

(ကိုထိုက်)