တာမွေ ဗလီထိပ်အနီး ၁၀ တန်းကျောင်းသား ရွှေထည်နှင့် လက်ကိုင်ဖုန်း လုယက်ခံရ

ပို့စ်တင်ချိန် - 5/31/2014 07:23:00 PM




ရန်ကုန်၊ မေ ၃၀

ရန်ကုန်မြို့တော်၏ လူစည်ကားရာ နေရာတစ်ခု ဖြစ်သော တာမွေမြို့နယ် ကျိုက္ကဆံလမ်း တာမွေ ဗလီထိပ်အနီးတွင် မေလ တတိယအပတ်က အသက် ၁၆ နှစ်အရွယ် ၁၀ တန်း ကျောင်းသားတစ်ဦးကို ခြိမ်းခြောက်ကာ ရွှေထည်၊ လက်ကိုင်ဖုန်းနှင့် ငွေများ လုယက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လုယက်ခံရမှုနှင့် ပတ်သက်ပြီး ၎င်း၏ မိခင်က မေလ ၂၉ ရက်နေ့တွင် တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

သာကေတမြို့နယ် ၁၀/တောင် ရပ်ကွက် ဓမ္မာရုံလမ်းတွင် နေထိုင်သူ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားမှာ မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က တာမွေမြို့နယ် သီတာလမ်းရှိ အင်္ဂလိပ်စာ သင်တန်းမှအပြန် တာမွေ ဗလီထိပ်သို့ လမ်းလျှောက်လာစဉ် ABC စတိုးဆိုင်အနီး အသက် ၂၀ ကျော် လူငယ်သုံးဦးက မေးစရာရှိ၍ လိုက်ခဲ့ဟု ဆိုကာ ခေါ်ဆောင်ခဲ့ကြောင်း လုယက်ခံရသူ ၁၀ တန်း ကျောင်းသားက ရှင်းပြသည်။

ထို့နောက် စတိုးဆိုင်တိုက် အောက်ထပ်တွင် ယင်းအဖွဲ့ထဲမှ လူငယ်နှစ်ဦးက စောင့်ဆိုင်းနေပြီး ပထမထပ် လှေကားပေါ်တွင် ကျန်တစ်ဦး ဖြစ်သော အသက်၂၀ ကျော် အသားညိုပြီး သားရေအိတ်ကို ဘေးတစ်စောင်း လွယ်ထားသူက ခလုတ်ဓားဖြင့် အော်ဟစ် အကူအညီတောင်းပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ လူငယ် ဝတ်ဆင်ထားသော ရွှေလက်စွပ်၊ HUAWEI ဟန်းဆက်နှင့် ငွေသား ကျပ် ၅၀၀၀ ခန့်ကို ယူဆောင်သွားခဲ့ကြောင်း ၎င်းကဆိုသည်။

“လူ အရမ်းစည်တဲ့နေရာ၊ လူ စည်ကားတဲ့ အချိန်မျိုးမှာ ဒီလို လုံးဝမဖြစ်သင့်ဘူး၊ လုံခြုံရေး အားနည်းတယ်။ အခုဆို ကလေးက လူတွေမြင်တိုင်း ကြောက်နေတယ်။ သင်တန်း သွားမတက်ရဲတော့ဘူး” ဟု ၎င်း၏ မိခင်က ဆိုသည်။

ယင်းလုယက်ခံရမှုနှင့် ပတ်သက်၍ အမှုအမြန် ပေါ်ပေါက်စေရန် အရပ်ဝတ်၊ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်များနှင့် စောင့်ဆိုင်းကာ မသင်္ကာသူများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ လူငယ်များအနေနှင့် အပြင်သို့ သွားသောအခါတွင် တစ်ဦးတည်း သွားခြင်းထက် သူငယ်ချင်း၊ မိသားစုဝင်များနှင့် ပိုမိုသွားလာသင့်ကြောင်း ယင်းအမှုကို စစ်ဆေးသည့် ရဲအရာရှိက ပြောကြားသည်။

“အဖော်သာပါရင် ဒီလိုမျိုး ကြုံလာမယ်ဆိုရင် ကိုယ်က ကြောက်လန့်နေလို့ အကူအညီ မတောင်းနိုင်ရင်တောင် ကိုယ်နဲ့ပါတဲ့ အဖော်က အော်ဟစ်အကူအညီ တောင်းနိုင်မှာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ လုယက်မှုကို (ပ) ၂၇၈/ ၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ တရားခံကို စုံစမ်းလျက် ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly