ဧရာဝတီတိုင်းဒေသကြီးတွင် ကြွက်များ အစုလိုက် အပြုံလိုက် သေဆုံးမှု အဖြေ ထွက်ပြီ

ပို့စ်တင်ချိန် - 5/31/2014 07:31:00 AM


ဧရာဝတီတိုင်းဒေသကြီးတွင် ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုအား ဓာတ်ခွဲ စစ်ဆေးချက်များ အရ အစာ အဆိပ်သင့်ခြင်းနှင့် ကူးစက်ရောဂါကြောင့် မဟုတ်ဘဲ အစာရေစာပြတ်လပ်၍ အချင်းချင်း ကိုက်ဖြတ်မှုကြောင့်

ကြွက်များ သေဆုံးရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန (ရုံး ချုပ်)၊ သီးနှံကာကွယ်ရေး ဌာနခွဲမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ကြွက်သေများကို အစာ အဆိပ်သင့်မှု ရှိမရှိ၊ အစာအိမ် အူလမ်းကြောင်းတွင် ကပ်ပါးပိုး ရှိမရှိ၊ အဆုတ်နှင့် လေပြွန် အခြေအနေ၊ ပလိပ်ရောဂါ သယ်ဆောင်သော “သန်း”ရှိမရှိ အဓိက စစ်ဆေးခဲ့သည့် အပြင် ဒေသခံများ၏ စပါး စိုက်ပျိုးမှုနှင့် ပိုးသတ်ဆေး သုံးစွဲမှု နည်းစနစ်များ ကိုပါလေ့လာ ခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန် ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်း ကြွက်သေများကို ရင်ခွဲ စစ်ဆေးခဲ့ရာတွင် အသည်းများ ရှိနေပြီး၊ အစာအိမ်များ ထဲတွင် မီးသွေးမှုန့်၊ အုန်းဆံမှုန့်များ၊ ကြွက် အမြီးပြတ်ငယ်များ၊ အမွေးအစုများ တွေ့မြင် ရခြင်းကြောင့် အစာရေစာ ပြတ်လပ်သဖြင့် အချင်းချင်း ကိုက်ဖြတ် မှုကြောင့် ကြွက်များ သေဆုံးရခြင်း ဖြစ်သည်ဟုသာ ယူဆရ ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန (ရုံးချုပ်)၊ သီးနှံ ကာကွယ်ရေး ဌာနခွဲမှ ဒေါက်တာ ညိုမီထွေးက ပြောသည်။

မတ်လ(၂၂) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာရှိ နေအိမ်များတွင် ကြွက် (၄၀၀) ခန့် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး၊ မေလ (၂၃) ရက် နေ့ကလည်း ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူ မြို့နယ်၊ တလုပ်ကြီး ကျေးလက် ကျန်းမာရေး ဌာနအပိုင်၊ ကျောက်တိုင်ရွာတွင် နေအိမ်များ ၌  ကြွက်(၃၀၀)ကျော်ခန့် အစုလိုက် အပြုံလိုက် သေဆုံးခဲ့သည်။

ကြွက်များ အစုလိုက် သေဆုံးမှုများကြောင့် ဒေသခံများက  စိုးရိမ်ပူပန်လျက် ရှိနေကြရာ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိ ၀န်ထမ်းများနှင့် အတူ အောက်မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးဌာနမှ ဒေါက်တာ ဖြိုးဖြိုးကျော်နှင့် အဖွဲ့သည် ရှောပြာကျေးရွာသို့ သွားရောက် စစ်ဆေးခဲ့ပြီး၊ ရန်ကုန်မြို့ အမျိုးသား ဓာတ်ခွဲ ဌာနသို့ ကြွက်သေ နမူနာများကို ပေးပို့ စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

The Messenger News Daily