ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် မဟာပဋ္ဌာန်း ရွတ်ဖတ်မည်

ပို့စ်တင်ချိန် - 5/31/2014 07:23:00 PM



မန္တလေး၊ မေ ၃၀

ယာဉ်မတော်ဆမှု များကြောင့် ပြုပြင်ပြောင်းလဲမှုများ စတင်နေပြီဖြစ်သော ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး တလျှောက်တွင် ယာဉ်အန္တရာယ် ကင်းရေးအတွက် မန္တလေးမြို့တော်မှ သံဃာတော်များက အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ခြင်းကို ဇွန်လ ၅ ရက်နေ့ နံနက်မှ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ သံဃာတော်များထံမှ သိရှိရသည်။

“မန္တလေးတံခွန်တိုင် အဝိုင်းကနေစပြီး ဆောင်ရွက်သွားမှာပါ။ မဟာပဋ္ဌာန်း ရွတ်ဖတ်မယ့် ကားပေါ်မှာ သံဃာ ၁၀ ပါးခန့် ပါမယ်” ဟု စီစဉ်သူ တစ်ဦးဖြစ်သည့် ဦးမျိုးဇော်က The Voice သို့ ပြောကြားသည်။

အဆိုပါ အမြန်လမ်းမကြီး တစ်လျှောက် မဟာပဋ္ဌာန်း ရွတ်ဖတ်ခြင်း အစီအစဉ်ကို မန္တလေးမြို့တော်မှ စေတနာရှင် လူငယ်တစ်စုက စီစဉ်ခြင်း ဖြစ်ကြောင်း၊ ဇွန်လ ၅ ရက်နေ့ နံနက် ၅ နာရီမှ စတင်ကာ မန္တလေးမြို့အဝင် အမြန်လမ်းကြီးအစ တံခွန်တိုင် အဝိုင်းမှစတင် ရွတ်ဖတ်ထွက်ခွာမည် ဖြစ်ပြီး ယင်းနေ့ညတွင် နေပြည်တော်၌ ညအိပ်ရပ်နားကာ ဇွန်လ ၆ ရက်နေ့ နံနက်တွင် နေပြည်တော်မှ ထွက်ခွာမည် ဖြစ်ကြောင်း၊ ယင်းနောက် ရန်ကုန်မြို့အဝင် အမြန်လမ်းမကြီး ထိပ်တွင် ညအိပ် ရပ်နားမည် ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့ နံနက်တွင် ရန်ကုန်မြို့ဝင် အမြန်လမ်းမကြီးမှ စတင်ထွက်ခွာပြီး နေပြည်တော်တွင် ရပ်နားကာ ဇွန်လ ၈ ရက်နေ့တွင် မန္တလေးမြို့အဝင် တံခွန်တိုင် အဝိုင်း၌ မဟာပဋ္ဌာန်း ရွတ်ဖတ်ခြင်း အစီအစဉ် ပြီးဆုံးမည် ဖြစ်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။

ယင်းအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၆ တွင် မေလ ၇ ရက်နေ့က ၃၁ ဘုံသားများကို ပူဇော်ရန် သဲပုံစေတီ တည်ခဲ့ပြီး မေလ ၁၀ ရက်နေ့ ညပိုင်းတွင် အကျွတ်အလွတ် ဒါနပွဲကို ပြုလုပ်ခဲ့သည်။

ယင်းသို့ပင် အဆိုပါ အမြန်လမ်း၌ အရှိန်နှုန်းတိုင်း ကင်မရာနှင့် လမ်းထိန်းနံရံများ တပ်ဆင်ရန် မေလ ၁၉ ရက်နေ့မှ စတင်ကာ တင်ဒါခေါ်ယူထားသည်။

၃၆၅ မိုင်ရှည်လျားသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၀၅ ခုနှစ် ဧပြီလတွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးခဲ့ကာ အမြန်လမ်းစတင် အသုံးပြုချိန်မှ လက်ရှိအချိန်ထိ ယာဉ်မတော်ဆမှုကြောင့် သေဆုံးသူ ၃၆၇ ဦးခန့် ရှိပြီ ဖြစ်သည်။
The Voice Weekly