နတ်တလင်းမြို့တွင် နေအိမ်လေးလုံးဖျက်ဆီးခံရမှု ကျပ် ၇၅သိန်းပေးလျော်ကာ ကြေအေး

ပို့စ်တင်ချိန် - 5/31/2014 08:05:00 AM




ပြည်၊ မဇ္ဈိမ။ ။ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်တွင် သင်္ကြန်ကာလအတွင်းက နေအိမ်လေးလုံးကို အကြမ်းဖက်ဖျက်ဆီးခဲ့သည်ဟု စွတ်စွဲခံရသူက အိမ်ပိုင်ရှင်များကို လျော်ကြေး ၇၅သိန်းပေးလျော်ကာ အချင်းချင်းညှိနှိုင်းကြေအေးသွားပြီဟု ကြားဝင်ညှိနှိုင်းပေးသူတစ်ဦးဖြစ်သည့် နတ်တလင်းမြို့နယ်မှ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးနန္ဒမာလက မဇ္ဈိမကို မိန့်သည်။

ယင်းကဲ့သို့ နစ်နာသူများကို ငွေကျပ် ၇၅သိန်း ပေးလျော်လိုက်သဖြင့် မေလ ၂၈ရက်က ရုံးချိန်းတွင် အမှုကို ကြေအေးလိုက်ပြီဟုလည်း နတ်တလင်းမြို့နယ် ငြိမ်းချမ်းရေးလူငယ်အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။

“ဒီနေ့ရုံးချိန်းမှာ ဘာမှမစစ်ဘဲနဲ့ ဝစ်ဒေါ (Withdraw)လုပ်လိုက်တယ်။ အပြစ်မရှိဘူးဆိုပြီး လုပ်လိုက်တော့ တရားခံမှတ်တမ်းလဲ မဝင်တော့ဘူး “ဟု ဦးမောင်မောင်မြင့်က ပြောသည်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ၊ တောင်ညိုမြို့သစ်တွင် သင်္ကြန်ကာလအတွင်းက နေအိမ်လေးလုံး ဖျက်ဆီးမှုတွင် ပါဝင်သူများကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၄၃၊ ၁၄၇၊ ၁၅၂၊ ၄၂၇တို့ဖြင့် တရားဆွဲဆိုခြင်းခံရသူ ၁၄ဦးက နတ်တလင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

မေလ ၂၇ရက် နံနက် ၉နာရီက နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် စွပ်စွဲခံရသူများနှင့် တရားလိုများက အိမ်တစ်လုံးလျှင် ၂၅သိန်းဖြင့် အိမ်သုံးလုံးစာလျှော်ကြေး ၇၅သိန်း သတ်မှတ် ညှိနှိုင်းကာ ကျေအေးလိုက်ကြသည်။ ကျန်အိမ်တစ်လုံးကို မည်သည့်အတွက်ကြောင့် ထည့်မတွက်သည်ကို မသိရှိရပေ။

နေအိမ်ဖျက်စီးခံရသူ ဦးမြင့်ငွေက ဧပြီလ ၂၂ရက်တွင် တောင်ညိုရဲစခန်းသို့ တိုင်တန်းခဲ့ပြီး တိုင်တန်းစာပါ(၁၄)ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ပြီး ကွင်းကျယ်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကျန်(၆)ဦးမှာ ရှောင်တိမ်းနေခဲ့သဖြင့် (၉)ဦးကို ဖမ်းဆီးရုံးတင်စစ်ဆေးခဲ့သည်။

မေလ၂၈ရက် ရုံးချိန်းတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင်(၆)ဦးမှာ အဆိုပါရုံးချိန်းသို့ လာရောက်ထွက်ဆိုပေးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၉ ဦးကို အချုပ်ဖြင့် ရုံးထုတ်ခဲ့သည်။ ရုံးချိန်းကို ၁၂နာရီတွင် စစ်ဆေးကာ (၄)နာရီတွင် တရားသူကြီးက အပြစ်မရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမှုပြီးပြတ်ကြောင်း အမိန့်ချခဲ့သည်။

Mizzima Burmese