လူကုန်ကူးမှု၊ လိင်ဆက်ဆံမှုဖြင့် ထိုင်းသံဃာတော် ၅ ပါး ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 5/28/2014 09:10:00 PM


  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် နဲ့ လမ်းပွန်းခရိုင်မှာ လူကုန်ကူးမှု၊ အသက်မပြည့်သေးတဲ့ လူငယ်တွေကို သွေးဆောင်ဖြားယောင်းပြီး လိင်ဆက်ဆံမှုတွေနဲ့ ထိုင်းသံဃာ ၅ ပါးကို ဖမ်းဆီးထားတယ်လို့ ဒေးလီးနယူး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ချင်းမိုင်ခရိုင် မယ့်လိမ်း၊ မယ့်တိုင် နဲ့ လမ်းပွန်းခရိုင် ဘန့်ထိမြို့နယ်က ကျောင်းတိုက် ၅ ခုမှာ သီတင်းသုံးတဲ့ အဲဒီကိုယ်တော်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လကတည်းက လူကုန်ကူးမှုနဲ့ လူငယ်တွေကို ဖြားယောင်း လိင်ဆက်ဆံမှုတွေ ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ သက်သေအထောက်အထားတွေ ပြည့်စုံအောင် စုံစမ်းထောက်လှမ်းပြီးကာမှ သူတို့တွေကို ဖမ်းဆီးလိုက်တာလို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့က မေလ ၂၇ ရက်နေ့  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီအမှုကို လိုက်လံစုံစမ်းခဲ့ရပုံနဲ့ ပတ်သက်ပြီး အမှတ် ၅ ရဲစခန်း ဒုရဲမှူးကြီး ဒမ်းရုန်းဆဒ်ဒီ ကစ်သီပရဖတ်က ပြန်လည်ရှင်းပြရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ချင်းမိုင်ရာ့ခ်ျဖတ် တက္ကသိုလ်ရှေ့မှာ လိင်ပိုင်းဆိုင်ရာ လှည့်ဖြား ကျူးလွန်ခံရသူ  အသက် ၁၄ နှစ်ရွယ် (အေ) ဆိုသူ လူရွယ်တဦးကို ကယ်တင်ရာက စတင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက အေဆိုသူ လူရွယ်ရဲ့ ထွက်ဆိုချက်အရ သူ့ကို ဦးဇင်းတပါးက လိမ်လည်လှည့်ဖြားပြီး မယ့်လိမ်းမြို့နယ်က တည်းခိုအိမ်တအိမ်မှာ တည်းခိုခိုင်းခဲ့ကြောင်း၊  အဲဒီမှာ အခြားလူငယ် ၈ ဦးပါရှိခဲ့ကြောင်း၊ သူ့ကို ခေါ် လာတဲ့ ဦးဇင်းက အခြားဘုန်း ကြီးတွေကို သွားခေါ်လာပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်စေကာ တဦးကို ဘတ် ၃၀၀ ကနေ ၅၀၀ ထိ မုန့်ဖိုးပေး ခဲ့တယ်လို့  လူငယ်က ပြောကြောင်း ဒုရဲမှူးက ရှင်းပြပါတယ်။

လူငယ်က အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေး စောင့်ရှောက်ကာကွယ်ရေးအဖွဲ့ကို တိုင်ကြားခဲ့ပြီး အဲဒီအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အဲဒီဦးဇင်းနဲ့တကွ သံသယရှိတဲ့ ဘုန်းကြီးတွေကို လိုက်လံစောင့်ကြည့် စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းချက်အရ အခြား အသက် ၁၅ နှစ်အောက် မိန်းကလေးတွေပါ အခကြေးငွေပေးပြီး လိင်ပိုင်းကျူးလွန်တာ သိရှိရကြောင်း ၀င်ရောက်ဖမ်းဆီးစဉ်ကလည်း ညစ်ညမ်းဗွီစီဒီခွေနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ သက်သေခံပစ္စည်းတွေပါ ဖမ်းဆီးရမိတယ်လို့ ဒုရဲမှူးက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

By ဒီဗွီဘီ