မောင်တောနယ်စပ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား

ပို့စ်တင်ချိန် - 5/28/2014 09:24:00 PM


ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတခုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက်အဖွဲ့ (RSO) ကလို့ ယူဆရတဲ့ တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဌေးလွင်က DVB ကို အတည်ပြု ပြောပါတယ်။

 မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၂ အနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က ပြောက်ကျား ၀တ်စုံဝတ်ထားတဲ့ RSO တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ကင်းလှည့်နေတဲ့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်စိတ်တစိတ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

“RSO လို့ပဲ ယူဆတာပေါ့နော်။ ယူနီဖောင်းနဲ့ တပ်ဖွဲ့ဝင် ၂ ယောက်က ခြံစည်းရိုးနား ကပ်လာတယ်။ ကပ်လာတော့ လှုပ်ရှားတပ်စိတ်တစိတ်နဲ့တွေ့တယ်။ တွေ့ပြီးမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တယ်။ ကြာတော့ မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဟိုဘက် တယောက်သေတယ်လို့ သိရပါတယ်။”
ဒီတကြိမ်နဲ့ဆို မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတာ ၃ ကြိမ် ရှိသွားပြီလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ဒီ မိုင်တိုင် ၅၂ အနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒီ့မတိုင်မီ မေလ ၁၃ ရက်မှာ နယ်စပ်မိုင်တိုင် ၃၉ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး RSO တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။

ရခိုင်ပြည်နယ်စပ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို မေလ ၂၂ ရက်က ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ နှစ်နိုင်ငံနယ်ခြား ကော်မတီချင်း အရင် ဆွေးနွေးမယ်။ မရရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိတော့ နှစ်နိုင်ငံနယ်ခြားကော်မတီ စည်းဝေးပွဲသတင်း ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။
DVB Burmese