နိုင်ငံရေးရုပ်ရှင် ဇာတ်ကားကို ၂ဝ၁၆ မှာ ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 5/28/2014 08:00:00 AM


ဇာတ်ကားများ ရိုက်ကူးရင် မတူညီတဲ့ အတွေးအခေါ်များနဲ့ တွေးခေါ်တတ်တဲ့ အပြင်အမှန်ကို အမှန်အတိုင်းမြင်ပြီး ပြောဆိုတတ်တဲ့သူ့ကို လူတိုင်း စိတ်ဝင်စား နေကြပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင်သစ် ရွေးချယ်ပွဲမှာ ဝင်ရောက်အရွေးခံမယ် ဆိုတဲ့ စကားသံများထွက်ရှိလာ ခဲ့ခြင်းကြောင့် ဒါရိုက်တာဝိုင်းကို မဇ္စျိမက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး ။ ။ ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စိတ်ကူးရှိလား။

ဖြေ ။ ။ မရှိပါဘူး ။ ဘာလို့လဲ ဆိုတော့ အစ်ကို့အနေနဲ့ အနုပညာကို အဓိကထားပြီး လုပ်ချင်ပါသေးတယ်။ ရုပ်ရှင်အရေးကိုလည်း တတ်နိုင်တဲ့ဘက်က
ကူညီပါတယ်။ အစ်ကိုလုပ်မယ် ဆိုရင်လည်း အစ်ကိုက အတွေးအခေါ် တစ်မျိုး ၊ကျန်တဲ့သူတွေက အတွေးအခေါ် တစ်မျိုး ဖြစ်နေတာတွေလည်း ပါပါတယ်။

မေး ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ လုပ်ဖို့ အစီအစဉ်လည်း မရှိဘူးပေါ့။

ဖြေ ။ ။ မရှိပါဘူး ။ ဥက္ကဌမှ မဟုတ်ပါဘူး CEC လည်း လုပ်ဖို့ အစီအစဉ်မရှိပါဘူး။

မေး ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် အနုပညာရှင်တွေ လက်မှတ်ထိုးတဲ့အခါ ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ ။ ။ အရေးကြီးတာကတော့ ပြည်သူ့အသံ နားထောင်ပါတယ် ဆိုတဲ့ သမ္မတ နဲ့ လွှတ်တော်ပေါ့နော်။ တကယ်နားထောင်မထောင် ကတော့ စောင့်ကြည့်ရမှာပေါ့ ။ ဒါပြင်ပါပြင်ပါ ဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်း ပြတာပါ။ ဒီနည်းလမ်းနဲ့လျှောက်ကြည့်တာပါ ။ ဂရုစိုက်တယ် မစိုက်ဘူး ပြည်သူကို အလေးထား မထားက သူတို့ရဲ့ ဆန္ဒပဲ။

မေး ။ ။ ကိုဝိုင်းအနေနဲ့ ဇာတ်လမ်းပုံစံ ပြောင်းပြီး ရိုက်ဖို့ ရှိလား။

ဖြေ ။ ။ ရှိပါတယ် ။ ဒါပေမယ့် ပုံစံပြောင်းပြီး ရိုက်ဖို့က ငွေကြေးရဖို့ အတွက်ဈေးကွက်လိုတယ်။ ဈေးကွက်ဖြစ်ဖို့ ရုပ်ရှင်ရုံတွေလိုအပ်ပါတယ်။ ဒါဟာ အပြန်အလှန် အမီသဟဲပြုနေတာပါ။ ဘဂျက် မတောင့်တင်းပဲ ပြောင်းလဲမှုကို ရိုက်ကူးပြဖို့ မဖြစ်နိုင်ပါဘူး ။ ဥပမာ ဆန္ဒပြတာ ရိုက်ချင်တယ် လူ၅ဝဝလောက် သုံးရမယ်လေ။ အဲလိုလူတွေ ခေါ်ဖို့ ဘဂျက်လိုတယ်။ ဘဏ္ဍာရေး တောင့်တင်း ခိုင်မာဖို့က ရုပ်ရှင်ရုံတွေက မရှိဘူး ။ နိုင်ငံခြားကား Spider man လို ရိုက်ပြနိုင်ဖို့ 3Dအတတ်ပညာရှင်တွေ ရှိပြီလားဆိုတော့ မရှိပြန်ဘူး ။ လူတွေနဲ့ရင်းပြီး ရိုက်လို့ရတာတွေကိုပဲ အခု ရိုက်နေရတယ်။ အချစ်တွေ ဒရမ်မာတွေထဲကနေ ခွဲပြီး တခြားပုံစံတစ်မျိုးနဲ့ ရိုက်ဖို့တော့ လုပ်နေပါတယ်။

မေး ။ ။ ဘယ်လိုဇာတ်ကားကို ပြောင်းပြီးရိုက်ဖို့ စဉ်းစားထားလဲ။

ဖြေ ။ ။ ၂ဝ၁၅နှစ်ကုန် ၂ဝ၁၆လောက်မှာတော့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ကားတစ်ကား ရိုက်ဖြစ်မယ် ထင်ပါတယ်။ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ကား ဆိုကတည်းကိုက စာဖတ်အားကောင်းဖို့ လိုတယ်။စာဖတ်အားကောင်းမှသာ နောက်ခံဖြစ်ရပ်မှန်က မှန်မှာပါ။ တရားရေးကိစ္စပြချင်တယ်ဆို တရားရေးကိစ္စကို ကိုယ်တိုင်မသိလို့ မရဘူး။

မေး ။ ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရိုက်မယ်ဆိုတော့ ဘယ်လို အကြောင်းကို ရိုက်မှာလဲ။

ဖြေ ။ ။ မတရားခံနေရတဲ့ ဥပဒေရေးရာဘက်ကို ဇောင်းပေးပြီး ရိုက်မှာပါ။ ဘာလို့ ဒီလိုရိုက်ဖို့ ရွေးလည်း ဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေ စိုးမိုးမှုပေါ့။ ဥပဒေစိုးမိုးမှုနဲ့ တရားရေးမျှတမှု မရှိခြင်းသည် လူတွေရဲ့ ယုံကြည်ချက်နဲ့ အကြောက်တရားကို ဖြစ်စေတယ်လို့ ထင်တယ်။ ယုံကြည်မှုမှ မရှိကြတော့တာ တရားရုံးသွားလည်း ကိုယ်က မှန်နေပေမယ့် ရှုံးရင် ရှုံးမှာ ။ ရဲစခန်းသွားလည်း ကိုယ်က မှန်နေပေမယ့် ကိုယ်က ရှုံးနေမှတော့ လူတစ်ယောက်အတွက် သူတို့ရဲ့ဘဝက လုံခြုံစိတ်ချမှု မရှိနိုင်တော့ဘူးလေ ပြည်သူ တစ်ယောက်က ။ အဲတော့ အကြောက်တရားဆိုတာ ရင်ထဲ ရောက်လာတယ် အပြန်အလှန် အမီသဟဲပြုတာ။ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးမျှတမှု မရှိသရွေ့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ အခု သမ္မတကြီး ဘယ်လောက်ပြောပြော ဝန်ကြီးတွေ ဘယ်လောက်ပြောပြော တကယ်ရော တိုးတက်ပြီလား ကိုယ့်ဘာသာ ပြန်မေးကြည့်လိုက်ပါ။

မေး ။ ။ ဒီဇာတ်ကားရိုက်ဖို့ ပြင်ဆင်နေပြီလား။

ဖြေ ။ ။ ဇာတ်ညွှန်းတောင် မပြီးသေးတော့ ဘာမှ အသေးစိတ် မစီစဉ်ရသေးပါဘူး။ ၂ဝ၁၄ နှစ်ဆန်းပိုင်းမှာ ဇာတ်ကားတစ်ကား ရိုက်ပြီးတယ်။ အဲဒီကတည်းက ဘာမှမရိုက်တော့ပဲ သုံးလလောက်ကို ဇာတ်ညွှန်းထိုင်ရေးတယ်။ ဒါပေမယ့် သုံးလရေးတာတောင် ဇာတ်ညွှန်းတစ်ဝက်ပဲ ပြီးသေးတယ်။ နောက်ထပ် သုံး ၊ လေးလ လောက် ထပ်ရေးရဦးမယ် ဇာတ်ညွှန်းအတွက် ခုနှစ်လ အချိန်ယူထားတယ်။ ပုံစံတစ်ခု ပြောင်းဖို့က ပြောတော့သာ လွယ်တာပါ အခက်အခဲ အများကြီးတော့ ရှိတာပေါ့။

Mizzima Burmese