ဖိုက်ဘာဆက်ကြောင်း ချိတ်ပြီးချိန်၌ Wi-Fi စနစ် လျှောက်သည့် ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရမည်

ပို့စ်တင်ချိန် - 5/28/2014 07:06:00 PM


မြန်မာတစ်နိုင်ငံလုံး၏ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် Wi-Fi အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန်အတွက် ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှုများကို ပြုလုပ်ပြီးပါက လျှောက်လွှာတင်ထားသည့် ကုမ္ပဏီများကို တရားဝင်လုပ်ကိုင်ခွင့်များ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ယခုလက်ရှိတွင် မန္တလေး-မြစ်ကြီးနား၊ မန္တလေး-မူဆယ်နှင့် တောင်ကြီး-တာချီလိတ်အစရှိသည့် ဖိုက်ဘာဆက်ကြောင်းများကို ချိတ်ဆက်မှုများပြုလုပ်နေပြီဖြစ်ပြီး ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများနှင့် နယ်မြို့များတစ်လျှောက် အင်တာနက် ဆက်သွယ်မှုကွန်ရက်များကို ဆက်လက်ချိတ်ဆက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်နိုင်ငံလုံးရှိ လူနေထူထပ်သောနေရာများအတွက် အဓိကရည်ရွယ်သည့် ယင်း Wi-Fi စနစ် အင်တာနက်ဝန်ဆောင်မှုကို ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ အဆိုပါ ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှုများ အပြီးသတ်ဆောင်ရွက်ပြီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Wi-Fi အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးနိုင်မည့် ကုမ္ပဏီများကို အပြီးသတ်ရွေးချယ်သွားမည်ဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် တစ်နိုင်ငံလုံး၌ ကြိုးမဲ့အင်တာနက်စနစ်ဖြစ်သည့် Wi-Fi ဆက်သွယ်မှုကွန်ရက် ဝန်ဆောင်မှုကို ပေးနိုင်မည့် ပုဂ္ဂလိကကုမ္ပဏီများကို ပြီးခဲ့သည့်နှစ်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ လျှောက်ထားသည့် ကုမ္ပဏီအရေအတွက် တစ်ရာခန့်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ တစ်နိုင်ငံလုံးရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ကြိုးမဲ့အင်တာနက်စနစ် လွှင့်တင်နိုင်ရန်အတွက် လျှောက်ထားသော ပုဂ္ဂလိကကုမ္ပဏီများအနက်မှ ကုမ္ပဏီနှစ်ဆယ့်ခုနစ်ခုကိုသာ ရွေးမည်ဖြစ်သည်။

ပြည်တွင်းအင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် ပုဂ္ဂလိကကုမ္ပဏီများဖြစ်သည့် ရတနာပုံတယ်လီပို့နှင့် Red Link Communications တို့က ပေးနေသည်။ သို့သော် အစိုးရနှင့်ပုဂ္ဂလိကတို့၏ လက်ရှိအင်တာနက် ဝန်ဆောင်မှုအရည်အသွေးများသည် ကောင်းမွန်ခြင်းမရှိသေးဘဲ သုံးစွဲသူများ၏ ဝေဖန်မှုများနှင့် မကြာခဏကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။


ယုဇနကိုကို
Internet Journal