သည်းခံခြင်းသည် မြတ်၏

ပို့စ်တင်ချိန် - 5/28/2014 09:15:00 PM



       သိကြားမင်းဟာ သရဘင်္ဂရသေ့ကို မေးခွန်းတစ်ခုမေးပါတယ်။ “အရှင်ရသေ့၊ အဘယ်သူရဲ့ ကြမ်းကြုတ်သော စကားကို သည်းခံခြင်းဟာ မြတ်ပါသလဲ”။ “သိကြားမင်း၊ ကိုယ့်ထက်အားကြီးမြတ်သူ ကိုယ်နဲ့တန်းတူသူ ကိုယ့်အောက်နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်သော စကားကို သည်းခံခြင်းဟာ မြတ်တယ်လို့ ရှေးသူတော်ကောင်းတွေ ဆိုကြပါတယ်။”
       အရှင်ရသေ့၊ ကိုယ့်ထက်အင်အားကြီးသူ ကိုယ်နဲ့တန်းတူသူတို့ရဲ့ စကားကိုတော့ သည်းခံနိုင်ပါတယ်။ ကိုယ့်အောက် နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်သောစကားကို အဘယ်သို့လျှင် သည်းခံနိုင်ပါမည်နည်း။”

       သိကြားမင်း...၊ လူ့သဘာဝအရ ကိုယ့်ထက်အင်အားကြီးသူကို ကြောက်လို့ သည်းခံတာလည်းရှိတယ်။ ကိုယ်နဲ့တန်းတူသူ ကိုတော့ ချုပ်ခြယ်ခြင်း၌ အပြစ်ကို မြင်လို့ သည်းခံတာ။ (တန်းတူဖြစ်နေလို့ အပြန်အလှန် ယှဉ်ပြိုင်မမိုက်ချင်လို့ သည်းခံတာလည်း ရှိတယ်။) ကိုယ့်အောက်နိမ့်ကျသူကိုကား (ကြောက်လို့လည်းမဟုတ်၊ ချုပ်ခြယ်ခြင်း၌ အပြစ်ကို မြင်လို့လည်းမဟုတ်၊ ကိုယ့်ထက် နိမ့်ကျတဲ့သူဆိုတဲ့ အသိနဲ့ မြင့်မြတ်တဲ့စိတ်ထားဖြင့် နားလည်ခွင့်လွတ်ပြီး သည်းခံတာဖြစ်လို့) မြတ်သောသည်းခံခြင်းလို့ ရှေး သူတော်ကောင်းတွေ ဆိုကြပါတယ်။
       လောကမှာ တစ်ခါတစ်ရံ အယုတ်၊ အလတ်၊ အမြတ်ခွဲခြားဖို့ ခတ်ခဲပါတယ်။ (အချို့သူယုတ်မာတွေက သူတော်ကောင်းပုံစံနဲ့ သွားလာကြတယ်။) အချို့သူတော်ကောင်းတွေက သူယုတ်မာအသွင်ဖြင့် သွားလာကြတယ်။ ထိုသို့ ခွဲခြားရန်ခတ်တဲ့အတွက် အားလုံးသော သူတို့ရဲ့ ကြမ်းကြုတ်တဲ့စကားကို သည်းခံခြင်းဟာ မြတ်တယ်လို့ ဆိုတာပါ။ တကယ်တော့ သည်းခံတဲ့နေရာမှာ ကြီးသူ၊ တန်းတူသူ၊ နိမ့်ကျသူ ဘယ်သူရဲ့ ကြမ်းကြုတ်တဲ့စကားပဲဖြစ်ဖြစ် မေတ္တာနဲ့ယှဉ်ပြီး သည်းခံတာက စိတ်ချမ်းသာပါတယ်။ အချို့များဟာ သည်းမခံနိုင်တဲ့အတွက်ကြောင့် (ဖေ့ဘုတ်မှာ) သူကဆဲရင် ပြန်ဆဲလိုက်တယ်။ ကိုယ်ဆဲတော့ သူကလည်း ပြန်ဆဲ တယ်။ ဒီလိုနဲ့ အဆဲသံသရာလည်တော့တာပါပဲ။ အချို့ဆိုရင် စကားတွေနဲ့ ထိုးဆွဖို့ လစာပေး ခိုင်းထားသလား အောက်မေ့ရ တယ်။ နောက်ဆုံးရလာဒ်ကတော့ ဆဲလို့ပြီးသွားပေမယ့် ကိုယ့်ရင်ထဲမှာ ဒေါသအပူမီးပဲ ကျန်ခဲ့တော့တယ်။  
       ဘယ်အရာမဆို ဒေါသနဲ့ ဖြေရှင်းလို့ မပြေလည်နိုင်ပါဘူး။ မေတ္တာ၊ ပညာနဲ့ယှဉ်ပြီး ဖြေရှင်းမှ ပြေလည်နိုင်တာပါ။
သရဘင်္ဂရသေ့က ဆက်ပြောပါတယ်။ “သိကြားမင်း...၊ သည်းခံခြင်းကြောင့် ရန်ငြိမ်းပါတယ်။ ရန်အေးငြိမ်းခြင်းအကျိုးကို သည်းခံတဲ့ သူတော်ကောင်းတို့သာ ရရှိနိုင်ပါတယ်။”။
       ဒါကြောင့် သည်းခံခြင်းဖြင့် ကိုယ်လိုရာခရီးကို ရောက်နိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ