AKB48 အဖွဲ့ဝင်နှစ်ဦး တိုက်ခိုက်ခံရ၊ ဒဏ်ရာမပြင်းထန်

ပို့စ်တင်ချိန် - 5/28/2014 05:52:00 PM


အများပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် စံချိန်စံနှုန်း မြင့်မားတယ်လို့ သတ်မှတ်ခံထားရတဲ့ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က AKB48 အဖွဲ့ဝင်နှစ်ဦးကို လွှစက်နဲ့ တိုက်ခိုက်ခံရတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

AKB48 အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Rina Kawaei (၁၉ နှစ်) နဲ့ Anna Iriyama (၁၈ နှစ်) တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျပန်မြောက်ပိုင်း Iwate မှာ ပြုလုပ်တဲ့ ပွဲတစ်ခုမှာ လက်မ ၂၀ ခန့်ရှိတဲ့ လွှနဲ့ အတိုက်ခိုက်ခံခဲ့ရပါတယ်။ နေ့လည်ပိုင်းမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုအပြီး ပရိသတ်တွေနဲ့ နှုတ်ဆက်တဲ့ အစီအစဉ်မှာ Satoru Umeta ဆိုတဲ့ အလုပ်လက်မဲ့ လူတစ်ယောက်က ဖွက်ယူလာတဲ့ လွှနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလူဟာ AKB48 ရဲ့ ပရိသတ်မဟုတ်သလို ဖျော်ဖြေပွဲနဲ့လည်း မပတ်သက်ပဲ ရာဇ၀တ်မှုတစ်ခုကို ကျပမ်းကျူးလွန်တာသာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

Kawaei နဲ့ Iriyama တို့ နှစ်ယောက်ဟာ လက်မောင်းနဲ့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့ပြီး အေဂျင်စီက ဆေးရုံကို ချက်ချင်းခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရချိန်မှာ လုံခြုံရေးတွေ ချက်ချင်းရောက်လာပြီး ကျူးလွန်သူကို လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ လုံခြုံရေးတစ်ယောက်လည်း ဒဏ်ရာရရှိသွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းဟာ အများပြည်သူ လုံခြုံရေးနဲ့ ပတ်သက်ပြီး နာမည်ကောင်းရထားတဲ့ ဂျပန်နိုင်ငံအတွက် သတိပေးလိုက်သလိုပါပဲလို့ ဂျပန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

AKB48 အဖွဲ့ဟာ အဖွဲ့ဝင် ၁၀၀ ကျော်ရှိပြီး ကမ္ဘာ့စံချိန်များ စာအုပ်မှာ အဖွဲ့ဝင်အများဆုံးအဖြစ် မှတ်တမ်းတင်ခံရတဲ့ အဆိုတော် အဖွဲ့လည်း ဖြစ်ပါတယ်။

Source: BBC News, Yahoo!
Photo: www.alafista.com
Hollinaz
Delo Delo