Heineken ဘီယာ မြန်မာပြည်တွင်းထုတ်လုပ်မှု ၂၀၁၅ခုနှစ် နှစ်လယ်တွင် စတင်မည်

ပို့စ်တင်ချိန် - 5/28/2014 06:22:00 PM


ထင်လင်းအောင်

ရန်ကုန်၊ မဇ္ဈိမ။ ။ ကမ္ဘာ့ထိပ်တန်းဘီယာ အမှတ်တံဆိပ်ဖြစ်သည့် Heineken (ဟန်နီကန်)ဘီယာကို ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာပြည်တွင်း၌ ထုတ်လုပ်မှု
စတင်တော့မည်ဟု IBTC လုပ်ငန်းစု ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က မဇ္ဈိမကို ထုတ်ဖော်ပြောကြားလိုက်သည်။

လက်ရှိတွင်မူ APB Alliance Brewery Co.,Ltd အမည်ဖြင့် Heineken ဘီယာထုတ်လုပ်မည့် စက်ရုံကို တည်ဆောက်ဆဲ ဖြစ်သော်လည်း ၀န်ထမ်းများ ကြိုတင်ခေါ်ယူကာ လုပ်ငန်းခွင်သင်တန်းများ စတင်ပို့ချနေပြီဟု ၎င်းက ပြောသည်။

ဦးအောင်မိုးကျော်က“ အခုတော့ စက်ရုံက တည်ဆောက်လို့မပြီးသေးဘူး။ ဆိုတော့ ထုတ်လုပ်အပိုင်းက ၂၀၁၅ နှစ်လည်ပိုင်းလောက် ဖြစ်သွားမှာပါ။ ၀န်ထမ်းတွေကိုတော့ ခေါ်ပြီး သင်တန်းပေးနေပါပြီ။ သေသေ ချာချာတော့ ပြင်ဆင်ထားပါတယ်”ဟုဆိုသည်။

နယ်သာလန်အခြေစိုက် Heineken အမှတ်တံဆိပ် ဘီယာသည် ပြည်တွင်းထုတ်လုပ်မှု စတင်နိုင်ရန် အတွက် IBTC လုပ်ငန်းစု၏ ညီနောင်ကုမ္ပဏီဖြစ်သော Alliance Brewery
Co.,Ltd (ABC)နှင့် ဖက်စပ်တည်ထောင်ထားသည်။

ဘီယာထုတ်လုပ်မည့်စက်ရုံကိုလည်း ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ် ၊ လိပ္ပုတ်ကျေးရွာတွင် တည်ဆောက်နေပြီး ကန်ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံမှုပြုသွားမည်ဟု
Heineken ကုမ္ပဏီဘက်က ၂၀၁၃ ခုနှစ် မေလ၁၃ ရက်က ထုတ်ပြန်ထားခဲ့သည်။

ယခု ၂၀၁၄ နှစ်ကုန်ပိုင်းတွင်မူ CarlsBerg (ကားလ်ဗတ်) ဘီယာ ပြည်တွင်းထုတ်မှုများကို စတင်မည် ဖြစ်သည်ဟု Myanmar Golden Star MGS ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းထွန်းက
မဇ္ဈိမကို မေ ၆ရက်က ထုတ်ဖော်ပြောကြားထားသည်။

Mizzima Burmese