အမြန်လမ်းတွင် ကွန်ကရစ်တုံးနှင့် သစ်သားတုံး ချထားမှုများ ရှိနေဆဲ

ပို့စ်တင်ချိန် - 5/28/2014 06:06:00 PM



စံချိန်တင် လူသေဆုံးမှု များဖြစ်ပြီးနောက် နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်ညွှန်ကြားမှု ဖြင့် အမြန်လမ်းပေါ်တွင် လုံခြုံ ရေးတိုးမြှင့်၍ စစ်ဆေးမှုများ ပြု လုပ်နေသော်လည်း မသမာသူ အချို့က လမ်းပေါ်တွင် ကွန်ကရစ် တုံးနှင့် သစ်သားတုံးများ ချထား မှုရှိနေသေးကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ခရီးသွားများ ထံမှ သတင်းရရှိသည်။

မသမာသူများသည် အမြန် လမ်းတစ်လျှောက် တံတားအ ဆင်းနေရာများ၊ အချို့အကွေ့ နေရာများနှင့် ရှင်းရှင်းလင်းလင်း မြင်ရန်မလွယ်ကူသည့် အနိမ့်ပိုင်း နေရာများတွင် ကွန်ကရစ် အကျိုး အပဲ့များကို ကန့်လန့်ဖြတ်ထား လေ့ရှိကာ ကွန်ကရစ်တုံးများကို တွေ့၍ ကားရပ်တန့်ခြင်း (သို့ မဟုတ်) တိမ်းမှောက်ခြင်းများ ဖြစ်ပါက လူလေးငါးဦးခန့်က လမ်းဘေးမှ ထွက်လာကာ ပစ္စည်းများ လုယူလေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မန္တလေးမြို့မှ ကိုနေလင်းစိုးက ပြောသည်။

‘‘ကျွန်တော့်ရှေ့က ကားက တုံးတွေကို တိုက်မိပြီး လမ်းဘေး ထိုးဆင်းသွားတာ၊ လူငါးယောက် က ကားနားကို ၀ိုင်းလာတဲ့အချိန် ကျွန်တော်တို့ကားနဲ့ နောက်ထပ် ကားနှစ်စီးရောက်လာလို့ ထွက် ပြေးသွားတာ။ ဒီရက်ပိုင်းကတော့ ရဲတွေ စစ်ဆေးနေတာ မကြာခဏ တွေ့နေရပါတယ်’’ ဟု ပြီးခဲ့သည့် မတ်လဆန်းက အမြန်လမ်းမိုင် တိုင်အမှတ် ၁၂၀ အနီးတွင် ရင် ဆိုင်ခဲ့ရသည့် အဖြစ်အပျက်တစ် ခုကို ကိုနေလင်းစိုးက ပြောသည်။

အမြန်လမ်းပေါ်တွင် ကွန်က ရစ်တုံးချ၍ လုယက်ရန်ကြံစည် သည့်အမှု ၂၀၁၃ နှင့် ၂၀၁၄ မေ၂၇ ရက်အတွင်း ၁၁ မှုဖြစ်ခဲ့ပြီး အမှုအားလုံးအား ဖော်ထုတ်ခဲ့ကာ ပြစ်မှုကျူးလွန်သူ ၁၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေ၀င်းက ပြောသည်။

‘‘ဒီရက်ပိုင်းမှာ နိုင်ငံတော် အဆင့် အထက်လူကြီးတွေရဲ့ ခရီးစဉ်တွေလည်း တောက်လျှောက်ရှိနေတယ်။ ခရီးသည်တွေ လုံခြုံရေးအတွက်လည်း စနစ်တကျ စစ်ဆေးပေးနေတယ်။ လမ်းပေါ်မှာကွန်ကရစ်တုံးချတဲ့အမှုမျိုး လုံးဝမဖြစ်ပါဘူး။ တကယ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အချိန်ပြည့်ရှိနေတာပဲ။ တွေ့ရမှာပါ’’ဟု ရဲမှူး ကြီးနေ၀င်းက ဆိုသည်။

နိုင်ငံတကာ အဆင့်မီ အမြန်လမ်းများတွင် ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် လမ်းတစ်လျှောက် စီစီတီဗီကင်မရာများ တပ်ဆင်ပေးထားခြင်း၊ အများသုံးတယ်လီဖုန်းများ တပ်ဆင်ပေးထားခြင်း၊ လူ၊ တိရစ္ဆာန်နှင့် အနှေးယာဉ်များ ဖြတ်သန်း၍ မရနိုင်ရန် လမ်းဘေးတစ်လျှောက် သံဆန်ခါကာရံထားခြင်းများ ပြုလုပ်ထားသော်လည်း ရန်ကုန်−မန္တလေးအမြန်လမ်းတွင် မရှိသောကြောင့် အားနည်းချက်များ ရှိနေကြောင်း အမြန်လမ်းတာဝန်ခံ မြို့ပြအင်ဂျင်နီယာ တစ်ဦးက ပြောသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ် လျှောက် လုံခြုံရေးတာဝန်ယူ ထားသည့် ရဲစခန်းပေါင်း ၁၅ ခုရှိ ကာ ရဲတပ်ဖွဲ့ဝင်အင်အား ငါးရာ ကျော်ရှိကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ထို့ပြင် အမြန်လမ်းကို အသုံး ပြုသည့် ကားအရေအတွက် နေ့ စဉ် တစ်သောင်းနှစ်ထောင်ကျော် ရှိပြီး လစဉ် တစ်လလျှင် ပျမ်းမျှယာဉ်နှစ်သိန်းကျော်နီးပါး ဖြတ်သန်းသွားလာနေကြောင်း ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အမြန်လမ်းပြုပြင်ထိန်း သိမ်းရေးအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အောင်သစ်လွင်
7day daily