လူသိအများဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်လ်ဒို ထိပ်ဆုံးမှရပ်တည်

ပို့စ်တင်ချိန် - 5/28/2014 05:55:00 PM




ကမ္ဘာပေါ်တွင် ဈေးကွက်ထိုးဖောက်နိုင်မှု အမြင့်ဆုံး၊ တစ်နည်းအားဖြင့် လူကြိုက်အများဆုံး ဘောလုံးသမားများ စာရင်း၌ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဦးဆောင်နေရာမှ ရပ်တည်နေကြောင်း သိရှိရသည်။ ဘာစီလိုနာ အသင်းမှ ပြိုင်ဘက်ဖြစ်သည့် လီယွန်နယ်လ် မက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ဦးအဖြစ် မကြာခဏ ညွှန်းဆိုခြင်း ခံခဲ့ရသည့်တိုင် လူသိအများဆုံး စာရင်းတွင်မူ ရီးယဲလ်မက်ဒရစ် အသင်း၏ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးကို မယှဉ်နိုင်ခဲ့ချေ။ ယခုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနှင့် ချန်ပီယံလိဂ် အောင်မြင်မှုများ ရယူထားနိုင်ခဲ့သည့် ရော်နယ်လ်ဒိုသည် ကမ္ဘာပေါ်တွင် ဈေးကွက်ထိုးဖောက်နိုင်စွမ်း အမြင့်ဆုံး၊ အကျော်ကြားဆုံး ကစားသမားများ စာရင်း၏ နံပါတ်(၁) နေရာကို ပြတ်ပြတ်သားသား သိမ်းပိုက်နိုင်ခဲ့သည်။

ဈေးကွက်သုတေသန ဌာနတစ်ခုဖြစ်သည့် repucomက အဆိုပါ စာရင်းကို လေ့လာပြုစုခဲ့ပြီး ရော်နယ်လ်ဒို၏ ကမ္ဘာတလွှား လူသိများမှုသည် ဈေးကွက်နယ်ပယ်၏ (၈၃.၈၇)ရာခိုင်နှုန်းကို လွှမ်းမိုးထားကြောင်း သိရသည်။ ထို့အပြင် ၎င်းကို Facebookတွင် Likeထားသူ အရေအတွက် (၈၂)သန်း ရှိနေပြီး Twitterတွင်လည်း Followerပေါင်း (၂၆)သန်းထိ ပိုင်ဆိုင်ထားသည်။ အာဂျင်တီးနား လက်ရွေးစင် မက်ဆီမှာမူ ဈေးကွက်တွင်း ဩဇာသက်ရောက်မှု (၇၆.၀၇)ရာခိုင်နှုန်းသာ ရှိနေပြီး Facebookနှင့် Twitterတို့တွင်လည်း အားပေးထောက်ခံသူ (၅၇)သန်းနှင့် (၂)သန်းစီသာ အသီးသီး ရှိနေပြီး ဒုတိယ နေရာသို့ ရောက်ရှိခဲ့သည်။

ကိုလံဘီယာ Popဂီတ စူပါစတား ရှာကီရာနှင့် ချစ်သူများ ဖြစ်ခဲ့သည့် ဘာစီလိုနာနှင့် စပိန်နောက်ခံလူ ဂျရတ်ပီကေးမှာမူ ဈေးကွက်အတွင်း လူသိထင်ရှားမှု (၅၈.၀၈)ရာခိုင်နှုန်း၊ Facebook ပရိသတ် (၁၂)သန်း၊ Twitterပရိသတ် (၈)သန်းဖြင့် တတိယနေရာတွင် ရှိနေသည်။ ၎င်း၏နောက်တွင် ချယ်လ်ဆီးနှင့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ဈေးကွက်လွှမ်းမိုးမှု (၅၉.၀၄)ရာခိုင်နှုန်း ရှိသော်လည်း ပီကေးနောက် စတုတ္ထသာ ချိတ်ခဲ့သည်။ ၎င်းသည် Facebookတွင် ပရိသတ် (၃)သန်း၊ Twitterတွင် ပရိသတ် (၂)သန်းမျှသာ စုဆောင်းထားနိုင်ခဲ့သည်။ ဝိန်းရွန်နီမှာ Social Mediaများပေါ်တွင် တောရက်စ်ထက် ပရိသတ် အရေအတွက် အပြတ်အသတ် သာလွန်သော်လည်း ဈေးကွက်လွှမ်းမိုးမှု အခြေအနေအရ ပဉ္စမနေရာမှသာ ရပ်တည်နေသည်။ ဈေးကွက်ချုပ်ကိုင်နိုင်မှု (၅၅.၈၂)ရာခိုင်နှုန်း ရှိနေသည့် အင်္ဂလန် လက်ရွေးစင်သည် Facebookတွင် Likeအရေအတွက် သန်း(၂၀)ကျော်နှင့် Twitter၌ Followerပေါင်း (၉)သန်းမျှ ပိုင်ဆိုင်ထားသည်။

အပြီးသတ် တွက်ချက်သည့် DBIရမှတ်များတွင် ရော်နယ်လ်ဒိုက (၇၉.၄၉)မှတ်၊ မက်ဆီက (၇၅.၈၇)မှတ်၊ ပီကေးက (၆၂.၉၀)မှတ်၊ တောရက်စ်က (၆၂.၆၉)မှတ်၊ ရွန်နီက (၅၉.၄၇)မှတ် အသီးသီး ရရှိနေသည်။ ဘာစီလိုနာ ကွင်းလယ်လူ အန်းဒရက်စ် အင်နီယေစတာမှာ ရွန်နီနှင့် DBIရမှတ် တူသော်လည်း ဈေးကွက်လွှမ်းမိုးမှုတွင် ပိုမိုနည်းပါးသဖြင့် အဆင့်(၆)တွင် ရှိနေသည်။ ထိပ်ဆုံးအဆင့် (၁၀)နေရာတွင် နေမာ၊ အိုင်ကာကားဆီးလက်စ်၊ ဇလာတန် အီဘရာဟီမိုဗစ်နှင့် သီအာရီ အွန်နရီတို့က ပါဝင်ရပ်တည်နေကြောင်းလည်း သိရှိရသည်။

7day daily