ယူကရိန်း ဒန်ညက်စ်လေဆိပ် စစ်ဆင်ရေး သူပုန် အယောက် ၁၀၀ ခန့် သေဆုံး

ပို့စ်တင်ချိန် - 5/28/2014 06:59:00 PM


ယူကရိန်းနိုင်ငံ ဒန်ညက်စ်လေဆိပ်စစ်ဆင်ရေးအတွက် ယူကရိန်းစစ်တပ်နဲ့ တိုက်ပွဲအတွင်း သူပုန် အယောက် ၁၀၀ လောက် သေဆုံးတယ်လို့ ဒန်ညက်စ်မြို့ဆေးရုံမှာ ကုသခံနေတဲ့ ဒဏ်ရာရ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတဦးက ပြောပါတယ်။

ဒီလေဆိပ်ကို အရင် ၁ ရက်က သူပုန်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ယူကရိန်းတပ်တွေက မေ ၂၆ ရက်နေ့ကစပြီး ဒန်ညက်စ်မြို့က ခွဲထွက်ရေးသမား သူပုန်တွေကို တိုက်ခဲ့တာပါ။

အစွန်းရောက်သမား တယောက်မကျန်တဲ့ တိုင်အောင် တိုက်မယ်လို့ အစိုးရက ကတိပြုထားပါတယ်။

ဒဏ်ရာရ သူပုန်က “ကျနော်တို့ ရည်မှန်းချက်က သူတို့ကို မောင်းထုတ်ဖို့ပါ။ ကျနော်တို့ထက် သူတို့အင်အားက ပိုများလို့ပါ။ ကျနော်တို့က လေဆိပ် အဓိက အဆောက်အဦကို သိမ်းထားပြီး သူတို့က စပစ်ခဲ့တယ် အမြောက်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စတိုက်ခဲ့တာ။ ကျနော်တို့ဘက်က ဒဏ်ရာရသူ သိပ်မကျန်ဘူး။ အများစုက သေကုန်တာ”လို့ ပြောပါတယ်။

ယူကရိန်းအရှေ့ဘက်က စက်မှုအချက်အချာမြို့ဖြစ်တဲ့ ဒန်ညက်စ်ရဲ့ မြို့တော်ဝန်ကတော့ မေ ၂၆ ရက်နေ့ အဓိကရုဏ်းအတွင်း အရပ်သား ၂ ယောက်အပါအ၀င် လူအယောက် ၄၀ လောက်သေတယ်လို့ ပြောပါတယ်။

ယူကရိန်းအစိုးရက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လေထီးတပ်တွေကို မေ ၂၆ ရက်နေ့က သုံးခဲ့ပြီး နိုင်ငံတကာလေဆိပ်ထဲက သူပုန်တွေကို ရှင်းခဲ့ပါတယ်။

မေ ၂၆ ရက်နေ့ ညပိုင်းမှာတော့ ခွဲထွက်ရေးသမားတွေကို လေဆိပ်ဝင်းထဲကနေ မောင်းထုတ်နိုင်ခဲ့ပါတယ်။

DVB Burmese