သျှမ်း/အရှေ့ မြို့တော် ကျိုင်းတုံတွင်လေပြင်းမုန်တိုင်းကျ

ပို့စ်တင်ချိန် - 5/28/2014 04:41:00 PM


မေလ ၂၇ ရက် ညနေ ၃ နာရီကစ၍ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ရာ နေအိမ်များ ပြိုကျပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ကျိုင်းတုံဒေသခံများကပြောသည်။

 လေပြင်းမုန်တိုင်းဒဏ်ခံရသော ကျိုင်းတုံမြို့အပျက်အစီးတချို့ (ဓါတ်ပုံ- ကျိုင်းတုံချစ်မြတ်နိုးသူများ ဖေ့စ်ဘုခ်မှ)

“ ညနေ ၃ နာရီခွဲကစပြီး လေဝင်တယ်။ တနာရီကျော်ကျော်လောက် လေရော မိုးရော ပြင်းပြင်းထန်ထန် ကျတယ်။ မြို့တွင်းရပ်ကွက်တွေထိခိုက်ပျက်စီးမှုများတယ်။ မြို့ပြင်ကျေးလက်က အဲလောက်မဟုတ်ဘူး။ စွမ်ဆတ် တောင်အတက်လမ်းမှာရှိတဲ့ ကျိန်းခုမ်ရပ်ကွက်မှာအိမ်ပြိုတာရှိတယ်။ အိမ်ခေါင်မိုးတွေ လေနဲ့လွင့်ပါသွားတာရှိတယ်။ နွဲ့နော ရပ်ကွက်မှာ သက်တမ်းရင့်ညောင်ပင်ကြီး ကျိုးတယ်။ လူတော့ သေကြေထိခိုက်မှုမရှိပါဘူး” ဟု ကျိုင်းတုံမြို့ခံ စိုင်းဆာမ်က သျှမ်းသံတော်ဆင့် အား ပြောသည်။


 လေပြင်းမုန်တိုင်းဒဏ်ခံရသော ကျိုင်းတုံမြို့အပျက်အစီးတချို့ (ဓါတ်ပုံ- ကျိုင်းတုံချစ်မြတ်နိုးသူများ ဖေ့စ်ဘုခ်မှ)

ယနေ့လေပြင်းမုန်တိုင်းတိုက်ခတ်စဉ် မိုးသီးကြွေကျမှုမရှိကြောင်း၊ လျှပ်စစ်မီးတိုင်များကျိုးကျ ပျက်စီးသဖြင့်  တညလုံးမီးပြတ်တောက် နေကြောင်းလည်း ဆိုပါသည်။

မြို့တွင်းလမ်းမများပေါ်တွင် ဒူးခေါင်းအထိ ရေများလွှမ်းနေဆဲဖြစ်ကြောင်း စိုင်းဆာမ်က ပြောပါသည်။

 လေပြင်းမုန်တိုင်းဒဏ်ခံရသော ကျိုင်းတုံမြို့အပျက်အစီးတချို့ (ဓါတ်ပုံ- ကျိုင်းတုံချစ်မြတ်နိုးသူများ ဖေ့စ်ဘုခ်မှ)

သျှမ်းပြည်အရှေ့ပိုင်း၏ မြို့တော်ဖြစ်သော ကျိုင်းတုံမြို့သည် ယခင်က စိမ်းလန်းသာယာဆုံးမြို့တမြို့ ဖြစ်ခဲ့ဖူးသည်။ သို့သော် သဘာဝ ပျက်စီးမှု သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာသည့် ၄-၅ နှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များ  အဆက်အပြတ် ကြုံတွေ့ခံစားခဲ့ရကြောင်း ယမန်နှစ်ကလည်း တောင်ကျ ချောင်း ရေ ကြောင့် မြို့တွင်းရေလွှမ်းကာ မြို့ပြင်လယ်ယာမြေဧကပေါင်းမြောက်များစွာ ပျက်စီးခဲ့ရကြောင်း  သဘာဝပတ်ဝန်းကျင်မြတ်နိုးသူ ကျိုင်းတုံမြို့ခံ လူငယ်များကပြောသည်။

သျှမ်းသံတော်ဆင့်