ဖောက်ခွဲရေးပစ္စည်း ၁.၈ တန်နှင့်သံသယရှိသူ ၅ ဦး ဖမ်းမိဟု တရုတ်အစိုးရပြော

ပို့စ်တင်ချိန် - 5/28/2014 06:58:00 PM


တရုတ်နိုင်ငံ အနောက်မြောက်စွန်းပိုင်း ရှင်းကျန်းဒေသက ရဲတွေဟာ ဖောက်ခွဲရေးပစ္စည်း ၁.၈ တန်နဲ့ သံသယရှိသူ ၅ ယောက်ကို စီးနင်းမှုတခုအတွင်း ဖမ်းမိထားတယ်လို့ ဒေသတွင်း သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။

ရဲတွေက အဘ်လစ်ဇ် ဒါဝတ် ခေါင်းဆောင်တဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စုလို့ စွပ်စွဲထားတဲ့အဖွဲ့ကို ရှင်းကျန်းဒေသတောင်ပိုင်း ဟိုတန်ခရိုင်တွင်း မေ ၂၆ ရက်နေ့က စီးနင်း ဖမ်းဆီးခဲ့တာလို့ ဌာနရဲ့ မေ ၂၇ ရက် ကြေညာချက်က ဆိုပါတယ်။

သံသယရှိသူတွေလို့ စွပ်စွဲထားခံရတဲ့ လူတွေဟာ အကြမ်းဖက်ရုပ်သံတွေ၊ အသံဖိုင်တွေကို ကြည့်ရှု နားထောင်ခဲ့သလို ဖောက်ခွဲမှုတွေ လုပ်ဖို့ ဖောက်ခွဲရေးပစ္စည်းတွေကိုတော့ ဟိုတန်ခရိုင်မှာ ၀ှက်ထားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အက်ဘ်လစ်ဇ်နဲ့ အဖွဲ့ဟာ မေ ၂၂ ရက်နေ့ အူရမ်ကီမြို့ဈေးအတွင်း အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဖောက်ခွဲရေးပစ္စည်းတွေ လုပ်တယ်လို့ သံသယရှိ ခံထားရပါတယ်။

သူတို့ဟာ ဟိုတန်ခရိုင်တွင်း လူထူထပ်တဲ့ဒေသတွေမှာ အလားတူ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်လုပ်ဖို့ ကြိုတင်ကြံရွယ်ထားတယ်လို့ ကြေညာချက်က ဆိုပါတယ်။

အက်ခ်စု ကက်ရှ်ဂါနဲ့ အစ်လီခရိုင်တွေမှာလည်း မေ ၂၆ ရက်နေ့က အလားတူ စီးနင်းမှုတွေ လုပ်ခဲ့ပြီး တရားမ၀င် ရွှေ့ပြောင်းနေထိုင်မှု၊ ဖောက်ခွဲရေးပစ္စည်းတွေကို တရားမ၀င် ထုတ်လုပ်မှုနဲ့ အကြမ်းဖက်ရုပ်သံနဲ့ အသံဖိုင်တွေကို ဖြန့်ချိမှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေထဲမှာ ပါဝင်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ သံသယရှိသူအုပ်စုကို ဖမ်းမိခဲ့ပါတယ်။

ရှင်းကျန်းပြည်နယ်ဟာ ၅ နှစ်အတွင်း သွေးအစွန်းဆုံးနေ့ကို ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က ရင်ဆိုင်ခဲ့ရပြီး တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။

မေ ၂၃ ရက်နေ့ကစပြီး အစွန်းရောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ၁ နှစ်တာ လှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ ဘာသာရေးအစွန်းရောက် အုပ်စုတွေ၊ အကြမ်းဖက်သမားတွေ၊ သေနတ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ ဂိုဏ်းနေရာတွေနဲ့ အကြမ်းဖက်သမား သင်တန်းပေးစခန်းတွေကို ဦးတည်ထားသွားမယ်လို့ ဆိုပါတယ်။

ရှင်းကျန်းပြည်နယ် တရားရေးနဲ့ ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေက မေ ၂၄ ရက်နေ့က ပူးတွဲ ကြေညာချက်တရပ် ထုတ်ပြန်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ရာဇ၀တ်သားတွေအနေနဲ့ အဖမ်းခံရင် ပြစ်ဒဏ်လျော့ပေါ့ သက်ညှာခွင့်ရမယ်လို့ ဆော်သြခဲ့ပါတယ်။

ဒီကြေညာချက်ထဲမှာ လူတွေဟာ ဘယ်လို အကြမ်းဖက်အုပ်စုကို မဆို ပူးပေါင်းတာ၊ ခေါင်းဆောင်တာနဲ့ စည်းရုံးတာ မလုပ်ဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက် လှုပ်ရှားမှုတွေ အဖွဲ့အစည်းတွေနဲ့ အဖွဲ့ဝင်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရန်ပုံငွေ ထောက်ပံ့တာကို တားမြစ်ထားပြီး အကြမ်းဖက်မှုတွေကို စတင်တာနဲ့ ဆောင်ရွက်တာတွေကိုလည်း ပိတ်ပင်ထားပါတယ်။

သေနတ်၊ ခဲယမ်းမီးကျောက်တွေ၊ မီးလောင်ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ ဓားတွေကိုပါ ကိုင်ဆောင်၊ သိုလှောင်၊ သယ်ပို့ကုန်သွယ် ထုတ်လုပ်တာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် တားမြစ်ထားပါတယ်။

DVB Burmese