မှောင်ခိုဖမ်းသူများကို ဝေစု ရာခိုင်နှုန်း တိုးမြှင့်ပေးမည်

ပို့စ်တင်ချိန် - 5/28/2014 06:26:00 PM


Mobile Team အဖွဲ့တွေမှာ ပါဝင်တဲ့ မှောင်ခိုဖမ်း ရဲ၊ ၀န်ထမ်းတွေနဲ့ သတင်းပေးတွေကို ဖမ်းဆီးရမိ ကုန်ပစ္စည်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းစီ ခွဲဝေပေးနေရာကနေ အခုနောက်ပိုင်း ထပ်ပြီး တိုးမြှင့် သတ်မှတ်ပေးသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

မေ ၂၇ ရက်နေ့က နေပြည်တော် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးမှာ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ “ဆုကြေး တိုးမြှင့်ပေးနိုင်ရေး” ညှိနှိုင်းဆွေးနွေးပွဲမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး အဖွဲ့ဝင်တွေကလည်း တိုးမြှင့်ပေးသင့်တဲ့ ရာခိုင်နှုန်းတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယူအန်အက်ဖ်စီစီအိုင်ရဲ့ အတွင်းရေးမှူး ဦးအေးလွင်က ဖမ်းဆီးရမိတဲ့ မှောင်ခိုပစ္စည်းတွေအပေါ် အစိုးရ၊ သတင်းပေးနဲ့ ဖမ်းဆီးရေးအဖွဲ့တွေကို ၅၀း ၁၅း ၃၅ အချိုးနှုန်း၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ၆၀း ၂၀း၂၀ အချိုး ခွဲဝေပေးသင့်တယ် စသဖြင့် အကြံပေးခဲ့ကြပေမယ့် ပြောင်းလဲမယ့် တကယ့် နှုန်းထားအသစ်ကတော့ ကက်ဘိနက်အဖွဲ့ အစည်းအဝေး တင်ပြပြီးမှ အတည်ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

မိုဘိုင်းတင်းမ်အဖွဲ့တွေဟာ ၂ နှစ်အတွင်း မှောင်ခို ကုန်ပစ္စည်း ၁၂ ဘီလီယံဖိုး ဖမ်းဆီးရမိပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။

DVB Burmese