မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းစတင်

ပို့စ်တင်ချိန် - 5/28/2014 06:38:00 PM


ရန်ကုန်၊ မေ ၂၇

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားသည့် နေရာများထဲမှ တစ်ခုဖြစ်သည့် မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ စုံစမ်းသိရှိရသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးစီမံကိန်းအဖြစ် သတ်မှတ်ထားသော မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းကို လုပ်ကိုင်လိုသော ကုမ္ပဏီများသည် ဇွန်လကုန် နောက်ဆုံးထား၍ ကျပ်သန်း ၁၀၀၀ ပေးသွင်းကာ တံတားဆောက်လုပ်ရေးနှင့် သက်ဆိုင်သော နည်းပညာ အဆိုပြုလွှာ တင်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြေညာထားသည်။

မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်နေခြင်း ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူခြင်း မဟုတ်သည့်အတွက် သေချာသိရှိခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတား (အင်ဂျင်နီယာ) ဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောကြားသည်။

မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းအတွက် ယခုဘဏ္ဍာနှစ်အတွင်း ကျပ် ၁၇ ဘီလီယံနီးပါး သုံးစွဲရန် ဧပြီလအတွင်းက ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားထားသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေရှင်းရန် လှည်းတန်း၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် လမ်းဆုံတို့တွင် ၂၀၁၂ ခုနှစ်မှစတင်ကာ ခုံးကျော်တံတားများ ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း စတင်သုံးစွဲခွင့်ပေးခဲ့သည်။

The Voice Weekly