သဘောမတူသူနှင့် လက်ထပ်သည့် ပါကစ္စတန် အမျိုးသမီးကို မိသားစုဝင်များ သတ်ဖြတ်

ပို့စ်တင်ချိန် - 5/28/2014 05:55:00 PM





ပါကစ္စတန် နိုင်ငံတွင် သဘောမတူသူနှင့် ချစ်ကျွမ်းဝင်သည့် အမျိုးသမီး တစ်ဦးကို မိသားစု ဆွေမျိုးများက တရားရုံးတစ်ခု ရှေ့မှောက်၌ပင် ဝိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ အသက်(၂၅)နှစ်အရွယ် ဖာဇနာဘီဘီသည် သူမကိုယ်တိုင် ရွေးချယ်ထားသည့် ချစ်သူနှင့် လက်ထပ်ထားပြီး ယင်းအတွက် ခင်ပွန်းသည်ကို သူမ၏ မိသားစုက ပြန်ပေးမှုဖြင့် တရားစွဲဆိုခဲ့သည်။ ထို့ကြောင့် လာဟိုးမြို့ တရားရုံးသို့ ဖြေရှင်းရန် လာရောက်စဉ် စောင့်ဆိုင်း သတ်ဖြတ်ခံရခြင်းဟု ဆိုသည်။ Daily Mail သတင်းစာက ဖာဇနာ သေဆုံးချိန်တွင် ကိုယ်ဝန်(၃)လ ရှိနေပြီဟုလည်း ဖော်ပြခဲ့သည်။ ဖာဇနာနှင့် ချစ်သူ မိုဟာမက် အစ်ဘဲလ်တို့သည် တရားရုံးသို့ အတူလာရောက်စဉ်တွင် အသင့်စောင့်နေသည့် လူ(၂၀)ခန့်က ခဲများဖြင့် ပစ်ပေါက်ကာ တုတ်များဖြင့်လည်း ရိုက်နှက်ခဲ့ကြသည်။ နေ့ခင်းကြောင်တောင် လူမြင်ကွင်းတွင် ကျူးလွန်သည့် ရာဇဝတ်မှု၌ ဖာဇနာ အသက်ဆုံးရှုံးခဲ့ပြီး မိုဟာမက်လည်း ဒဏ်ရာများ ရရှိခဲ့သည်။

ပါကစ္စတန်တွင် ရှေးရိုးစွဲ မိသားစုများစွာ ရှိနေဆဲဖြစ်ပြီး အမျိုးသမီးတစ်ဦး အနေဖြင့် မိသားစု သဘောမတူသူ တစ်ဦးနှင့် လက်ထပ်ပါက အလွန်ဆိုးရွားသည့် ပြစ်မှုတစ်ခုသဖွယ် သတ်မှတ်ခံရသည်။ ဖာဇနာတွင် မိသားစုက သဘောတူထားသည့် အမျိုးသားရှိပြီး ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်သူများတွင် ထိုသူရော၊ ဖာဇနာ၏ ဖခင်ရင်းနှင့် အစ်ကိုများပါ ပါဝင်ကြောင်း သိရသည်။ ပါကစ္စတန်တွင် အလားတူ သတ်ဖြတ်ခံရသည့် အမျိုးသမီး အရေအတွက် နှစ်စဉ် ရာနှင့်ချီ ရှိနေပြီး ဖာဇနာ၏ ဖြစ်ရပ်မှာမူ အလွန်ထင်သာမြင်သာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းသို့သော သတ်ဖြတ်မှုများကို မိသားစု ဂုဏ်သိက္ခာအတွက် စတေးခြင်းဟု အမည်ပေးလေ့ရှိသည်။

BBC သတင်းဌာနက ရဲများသည် ကိုယ်တိုင်အဖမ်းခံခဲ့သည့် ဖခင်ဖြစ်သူကို ထိန်းသိမ်းထားပြီး ဖာဇနာနှင့် မိသားစု သဘောတူ စေ့စပ်ထားဖူးသူနှင့် အစ်ကိုများကို လိုက်လံရှာဖွေနေဆဲဟု ဆိုသည်။ တရားရုံးရှေ့တွင် ဖာဇနာ၏ မိသားစုက သူမကို အတင်းအဓမ္မ ခေါ်ယူရန် ကြိုးပမ်းသော်လည်း အမျိုးသမီးက ငြင်းဆန်သည့်နောက် ယခုကဲ့သို့ ရက်ရက်စက်စက် ပြုမူခဲ့ကြခြင်းဖြစ်ပြီး အဆိုပါမြင်ကွင်းကို ဖြတ်သွားဖြတ်လာ လူပေါင်းများစွာ တွေ့မြင်ခဲ့ကြောင်းလည်း သိရှိရသည်။

planet myanmar network