အမာခံပရိသတ်တစ်ဦး သေဆုံးခြင်းကြောင့် ကြေကွဲနေသည့် လီမင်ဟို

ပို့စ်တင်ချိန် - 5/28/2014 05:50:00 PM


လီကို ကိုယ်စားပြုသည့် ဖျော်ဖြေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက လီသည် အဆိုပါ ပရိသတ်နှင့် ပတ်သက်၍ အလွန်အမင်း စိတ်ထိခိုက်နေရကြောင်း ဆိုသည်။
အမာခံပရိသတ်တစ်ဦး သေဆုံးခြင်းကြောင့် ကြေကွဲနေသည့် လီမင်ဟို
ကွယ်လွန်သွားသည့် အမာခံ ပရိသတ် တစ်ဦးအတွက် တောင်ကိုရီးယား နာမည်ကြီးမင်းသား လီမင်ဟိုက Twitterမှတစ်ဆင့် အမှတ်တရ ဝမ်းနည်းစကား ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ၎င်းကို အခိုင်အမာ အားပေးသည့် အမျိုးသမီး ပရိသတ်တစ်ဦး သေဆုံးသည့် သတင်းကို ကြားသိခဲ့သည့်နောက် City Hunterစတား မင်းသားက ယင်းအတွက် ကြေကွဲမိကြောင်း ဖွင့်ဟခဲ့ခြင်းလည်း ဖြစ်သည်။

“ကျွန်တော် ခင်ဗျားကို သတိရနေမှာပါ။ အဆုံးတစ်နေ့ထိ ခင်ဗျားအတွက် မျှော်လင့်ချက် တစ်ခုခု ကျွန်တော် ဖန်တီးမပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။ လွန်ခဲ့တဲ့ (၅)နှစ်အတွင်း ခင်ဗျားအနေနဲ့ ကျွန်တော့်အပေါ် ပြသခဲ့တဲ့ နှစ်လိုအားပေးမှုတွေကို တန်ဖိုးထားတဲ့ အနေနဲ့ ပရိသတ်တွေကို မျှော်လင့်ချက်နဲ့ ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးနိုင်တဲ့ မင်းသားတစ်လက် ဖြစ်လာအောင် ကျွန်တော် ကြိုးစားသွားပါမယ်။ ရောက်ရာဘုံဘဝမှာ ခင်ဗျား ပျော်ရွှင်နိုင်ပါစေ”ဟု လီက အဆိုပါ အမည်မသိ ပရိသတ်ကို ရည်စူးပြီး ရေးသားထားခဲ့သည်။

လီကို ကိုယ်စားပြုသည့် ဖျော်ဖြေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက လီသည် အဆိုပါ ပရိသတ်နှင့် ပတ်သက်၍ အလွန်အမင်း စိတ်ထိခိုက်နေရကြောင်း ဆိုသည်။ သို့သော်လည်း ယင်းပရိသတ်၏ အမည်၊ မင်းသားနှင့် မည်သို့မည်ပုံ ရင်းနှီးကျွမ်းဝင်မှု ရှိသည်ဆိုခြင်းတို့ကိုမူ တိတိကျကျ မှတ်ချက်မပေးခဲ့ချေ။ “ရုပ်ရှင်ရိုက်နေရင်းနဲ့ ဒီသတင်းကို သူကြားမိခဲ့တာပါ။ လီက တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ အဲဒီနောက် Twitterပေါ်မှာ ခုလို ဝမ်းနည်းကြောင်း သတင်းစကားကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ လီက တွေ့ဆုံပွဲတွေ၊ လက်မှတ်ထိုးပွဲတွေနဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ပရိသတ်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံလေ့ရှိတယ်။ သူ့ရဲ့ အမာခံ ပရိသတ်တွေဆီက တစ်ဆင့်စကား တစ်ဆင့်နား ပြန်ကြားပြီး ဘယ်သူဘယ်ဝါ နေထိုင်မကောင်း ဖြစ်နေတယ်ဆိုတာ နားစွင့်နေတတ်တယ်။ ခုလိုမျိုး ပရိသတ်တစ်ယောက် ကွယ်လွန်သွားတယ်ဆိုတော့ သူတော်တော် ကြေကွဲသွားတယ်”ဟု ၎င်းက ပြောဆိုသွားသည်။

ယခုကွယ်လွန်သွားသည့် ပရိသတ်သည် လီ၏ ပရိသတ်တွေ့ဆုံပွဲနှင့် အခြားအခမ်းအနားတိုင်းတွင် အစဉ်တစိုက် သစ္စာရှိရှိ တက်ရောက်အားပေးခဲ့သူ ဖြစ်သည်။ ယင်းအမျိုးသမီး ပရိသတ်နှင့် လီတို့ အတူတွဲ ရိုက်ကူးထားသည့် ဓာတ်ပုံကိုလည်း လီ၏ အေဂျင်စီက ထုတ်ဖော်ပြသခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network