အခြေခံဥပဒေပြင်ဆင်ရေးအတွက် အစိုးရ၀န်ထမ်းများလည်း သတ္တိရှိရှိလက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပို့စ်တင်ချိန် - 5/28/2014 05:50:00 PM


နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အစိုးရ၀န်ထမ်းများ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပါဝင်လက်မှတ်ရေးထိုးရန် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမှ ကြောက်ရွံ့တွန့်ဆုတ်မနေကြဘဲ ကိုယ်တိုင်အလေးထား ထောက်ခံဆန္ဒပြု လက်မှတ်ရေးထိုးပေးရန် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ပြုလုပ်သော ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြုပွဲတွင် ကိုယ်တိုင် ပထမဦးဆုံးလက်မှတ်ရေးထိုးကာ တိုက်တွန်းခဲ့သည်။

အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌက မေလ ၂၇ ရက်တွင် နေပြည်တော် မြို့နယ်ငါးခုတွင် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁ နာရီခန့်အထိ ပြုလုပ်သော အခြေခံဥပဒေပြင်ရေး လက်မှတ်ရေးထိုးပွဲတွင် အထက်ပါအတိုင်း တိုက်တွန်းသွားခဲ့ခြင်းဖြစ်သည်။

‘‘ဒီမိုကရေစီဆိုတာ နီးရာဓားကို မကြောက်ရပါဘူး။ နီးရာ ဥပဒေကိုသာ ကြောက်ရမှာပါ။ ၀န်ထမ်းတွေကလည်း လက်မှတ်ထိုးခွင့်ရှိပါတယ်။ ဥပဒေပြင်ဖို့ သတ္တိရှိရှိနဲ့ ထိုးကြပါ။ ၀န်ထမ်းတွေ လက်မှတ်ထိုးတယ်ဆိုတာ ဘယ်ဥပဒေမှချိုးဖောက်တာ မဟုတ်ပါဘူး။ လက်မှတ်ထိုးရကောင်းလားဆိုပြီး ခြိမ်းခြောက်တာရှိရင် ဥပဒေနဲ့ မညီဘူးလို့ ပြောချင်တယ်။ ရုံးဝန်ထမ်းတွေက လှစ်ဟာမှုမရှိပါဘူး။ ကိုယ့်ရဲ့ ရုံးချိန်မှာတော့ မထိုးကြနဲ့ပေါ့။ ပြဿနာရှာရင်ခံရမှာဖြစ်တယ်။ ကိုယ့်အချိန်မှာ ကိုယ်ထိုးတာ ထိုးပိုင်ခွင့်ရှိပါတယ်။ တစ်ယောက်ချင်းစီတိုင်းက သတ္တိရှိမှ နိုင်ငံတိုးတက်မှာ ဖြစ်တယ်’’ ဟု ခရီးစဉ်အတွင်း ပထမဆုံးနေရာဖြစ်သော ဥတ္တရသီရိမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အခြေခံဥပဒေကို ပြည်သူ ကိုးဆယ်ရာခိုင်နှုန်းကျော် ထောက်ခံအတည်ပြုထားသည်မှာ မိမိအနေဖြင့် အယုံအကြည်မရှိကြောင်း ဒီမိုကရေစီဟုဆိုရာတွင် ပြည်သူရွေးချယ်ထားသူများကသာ ဦးဆောင်နိုင်ရမည်ဖြစ်ကြောင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရန်မှာလည်း မိသားစုတစ်စုအတွင်းရှိ မျိုးရိုးစဉ်ဆက်အတွက် ပြင်ဆင်ရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မိသားစုတစ်စုအတွင်း အစဉ်အဆက် တန်းတူအခွင့်အရေးရရှိရန်နှင့် လူထုလူတန်းစားတစ်ရပ်လုံးတွင် အခွင့်အရေးရှိရန် လက်ရှိဥပဒေကို ပြုပြင်ရေး ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ၎င်းကတိုက်တွန်းသည်။

နေပြည်တော်တွင်းရှိ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဇမ္ဗူ သီရိ၊ ဒက္ခိဏသီရိမြို့နယ်များတွင် ဒေသခံများထံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို မတတ်ရောက်ရန်နှင့် လက်မှတ်မထိုးရန် မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တားဆီးခြင်းများရှိကြောင်း ဒေသခံများကဆိုသည်။

ဇမ္ဗူသီရိတွင် ပုဒ်မ ၄၃၆ ကို ကန့်ကွက်သည့် ပိုစတာစာရွက်ကိုင်ဆောင်သူ ရှစ်ဦးခန့်ရှိကြောင်း၊ ပုဒ်မ ၅၉ (စ)ကို အဓိကကန့်ကွက်ခြင်းဖြစ်ကြောင်း ကန့်ကွက်ပွဲစီစဉ်သူ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

‘‘တပ်မတော်သားတွေ လက်မှတ်ထိုးပါ။ တပ်မတော်က အထူးအခွင့်အရေးမယူပါဘူးလို့ ပြလိုက်ပါလို့ တိုက်တွန်းပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

7day daily