ဘာသာရေးကို နိုင်ငံရေးတွင် ပြည်ခိုင်ဖြိုးပါတီ အလွဲသုံးနေဟု အင်န်အယ်လ်ဒီပါတီ တိုင်ကြား

ပို့စ်တင်ချိန် - 5/28/2014 09:12:00 PM


 ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဆန္ဒထုတ်အပြီး ဗုဒ္ဓဆင်းတုတော်များမဲဖောက်ပေးခဲ့သည့် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လှုပ်ရှားမှုသည် ဘာသာရေးကို အလွဲသုံးရာ ရောက်သည်ဟု သက်ဆိုင်ရာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ မေ ၂၆ ရက်တွင် အကြောင်းကြားစာပေးပို့ တိုင်ကြားလိုက်သည်။

NLD ၏ ပေးပို့စာတွင်

ပြည်ခိုင်ဖြိုးပါတီ၏ ဆန္ဒထုတ်ဖော်ပွဲမှာ“အစစ်အမှန်မဟုတ်ဘဲ ဘာသာရေးကို တမင်အကြောင်းပြ စည်းရုံး၍ ပြုလုပ်သည့်ပွဲ” ဖြစ်ကာ “ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၀၇(ဃ) ပါ “ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း”ဟူသော အချက်နှင့် ညှိစွန်းနေသည်” ဟု ထည့်သွင်းရေးသားထားသည်။

မေလ ၁၅ ရက်က ဇလွန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီကပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ)မပြင်ဆင်ရေးဆန္ဒ ထုတ် ဖော်ပွဲ ရည်ညွှန်းကာ ယင်းသို့ စာပေးပို့ခြင်းဖြစ်သည်။ပုဒ်မ ၅၉(စ)မပြင်ရန်ပြည်ခိုင်ဖြိုးပါတီဝင်များဦး ဆောင်ပြီး ဒေသခံငါးထောင်ခန့် ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲအပြီး စီတန်းလှည့်လည်မှုတွင် ပါဝင်သူများကို ဗုဒ္ဓဆင်းတုတော်များ မဲဖောက်ပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က ဒီပွဲကို ရည်ရွယ်ပြီးဘုရားတွေကို ဆောင်ထားတာမဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်ကပုံမှန် လုပ်နေတာခင်ဗျ။ ဒီတစ်ခါနဲ့ဆိုလေးခါလောက် ရှိပါပြီ။ ဒီနေ့တော့ အဆူရှစ်ရာ လောက်ပဲရှိတယ်” ဟု ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးချိုမြင့်ခိုင်က မဇ္ဈိမကို မေလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် ၅၉(စ) မပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်သည်ဟု မြို့ပေါ်တွင်လက်ကမ်းစာစောင်များ ဝေ ငှခဲ့သော်လည်း ကျေးရွာများ၌မူ ဘုရားဆင်းတုတော်များ ဝေပေးမည်ဟု ဖိတ်ကြားခဲ့သည်ဟု ကော်မ ရှင်အဖွဲ့ခွဲသို့ NLD က ပေးပို့သည့် စာတွင်ဖော်ပြထားသည်။ဆန္ဒပြပွဲသို့ ရောက်ရှိခဲ့သည့် ဇလွန်မြို့နယ်၊ ဥသျှစ်ကွင်းကျေးရွာအုပ်စု၊ တောင်ညိုလေးကျေးရွာမှ ဒေသခံတစ်ဦးက ၅၉(စ)မပြင်ဆင် ရန်ဆန္ဒထုတ်ဖော် မည်ဟု မသိဘဲ ဘုရားပင့်ရန်သာ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု မေ ၁၆ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

“ကျွန်တော်တို့က ဘုရားပင့်ဖို့ သွားကြတာပဲ။ သူတို့ကလည်း အဲ့လိုမျိုး(ဆန္ဒထုတ်ဖော်ဖို့) ပြောပြီးတော့ လည်း မခေါ်ကြဘူးလေ။ ဘုရားပေးဖို့ဆိုတော့လည်း ကျွန်တော်တို့က သွားကြတာပေါ့။ ၅၉(စ)ဆန့်ကျင်ဖို့ ခေါ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီပုဒ်မတွေဘာတွေလည်း အကျွမ်းတ၀င်မရှိဘူးလေဗျာ။ ကိုယ်အ ကျွမ်းတ၀င်မရှိတဲ့ကိစ္စဆိုတော့ ကျွန်တော်တို့က သွားဖြစ်ချင်မှသွားဖြစ်မယ်” ဟု အဆိုပါ ဒေသခံက ဆို သည်။

ထို့အတူ အဆိုပါ စီတန်းလှည့်လည်မှုတွင် ပါဝင်သူများသည် ဆန္ဒပြရမည်ကိုမသိရှိဘဲ ဘုရားဆင်းတုတော် မဲဖောက်ပေးအပ်မည်ဟုသာ သိရှိသကဲ့သို့ ဒေသအချို့တွင် ဒန်ပေါက်ဝေမည်ဟု ကြေညာထားမှုကြောင့် သာ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အသက် ၂၅ နှစ် ၀န်းကျင် အရွယ် ဇလွန်မြို့ခံ လူငယ်တစ်ဦးက ယင်းနေ့ညနေ၌ပင် မဇ္ဈိမကို ပြောဆိုထားသည်။

“တစ်အိမ်ကို ဘုရားမဲဖောက်ရအောင်ဆိုပြီးတော့ ခေါ်တာ။ မနက်ဖြန်မနက် ပြည်တော်ပြန်ဘုရားကြီးကို အရောက် လာခဲ့ပါဆိုပြီးတော့။ အဲ့ဒီမှာမသိဘဲနဲ့ပါသွားတဲ့သူတွေက အများကြီးပဲ” ဟု ဆိုသည်။

သို့သော် မြို့နယ်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးချိုမြင့်ခိုင်ကမူ သမ္မတအရည်အချင်းသတ်မှတ်ခြင်းဆိုင်ရာ ပုဒ် မ ၅၉(စ) မပြင်ဆင်ရေးပူးပေါင်းဆန္ဒပြရန် ပါတီစည်းရုံးရေးမှူးများက ဒေသခံများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ် သည်ဟု ပြောသည်။

ယင်းဆန္ဒပြပွဲ၌ “အမျိုးမစစ်ရင် အမျိုးမချစ်ဘူး၊ အမျိုးစစ်မှ အမျိုးချစ်မည်၊ အမျိုးဖျက်သူ အလိုမရှိနှင့် အမျိုးဘာ သာ သာသနာတိုးတက်စေဖို့ ၅၉ (စ) ထောက်ခံစို့” ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာဆန္ဒပြခဲ့ သည်။

အောင်မင်း၊ မင်းမင်း
Mizzima - News in Burmese