အမတ်များကို ထောင်ဖမ်းသောကျော့ကွင်း

ပို့စ်တင်ချိန် - 5/28/2014 02:07:00 PM


လွှတ်တော်အမတ်အချို့ကို စီးပွားရေးလုပ်ငန်းရှင်များက ပုံစံမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းမှုများ ရှိနေသည်။ အမတ်များကို သိန်းရာချီတန်သောကားများ ဝယ်ပေးထားသူများရှိသလို သွားစရိတ်၊ လာစရိတ် ထောက်ပံ့ပေးသူများလည်း ရှိသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်သူတစ်ဦးက အမျိုးသားလွှတ်တော်အမတ်တစ်ဦးကို ပါဂျဲရိုးကားတစ်စီး ဝယ်ပေးထားသည်။

ထို့အပြင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌတစ်ဦးကို ကားတစ်စီးဝယ်ပေးထားပြီး ယာဉ်မောင်းပင် ခန့်ပေးထားကြောင်း စုံစမ်းသိရှိရသည်။

ခရီးစရိတ်နှင့် လွှတ်တော်အမတ်များ ပြုလုပ်သော စည်းရုံးရေးပွဲများအတွက် ငွေကြေးထုတ်ပေးသူများလည်း ရှိပါသည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းမှာ စီးပွားရေးလုပ်ငန်းရှင်များက ဥပဒေများပြဋ္ဌာန်းရာတွင် ၎င်းတို့ အကျိုးစီးပွား ကာကွယ်မည့်အချက်များ ထည့်ပေးရန်၊ ၎င်းတို့၏ အကျိုးစီးပွားများကို ထိပါးလာမည့် ဥပဒေများ လုပ်ငန်းများအား ကန့်ကွက်ပေးရန်တို့ဖြစ်သည်။

‘‘ကျွန်တော်တို့ လွှတ်တော်ထဲမှာလည်း ခရိုနီအမတ်တွေရှိပါတယ်။ နောက်ကွယ်က စီးပွားရေးသမားတွေ၊ ကိုယ်ကျိုးသမားတွေက သူတို့အတည်ပြုချင်တဲ့ ဥပဒေကြမ်းလေးတွေကို အတည်ပြုဖြစ်အောင် ဒါမှမဟုတ်လည်း ဥပဒေကို မပြဋ္ဌာန်းနိုင်အောင် လွှတ်တော်အမတ်တွေကို သိမ်းသွင်းတာတွေပါ’’ဟု တရားစီရင်ရေးနှင့် ဥပဒေဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောသည်။

ထိုကဲ့သို့သော အမတ်များရှိနေသဖြင့် ဥပဒေများပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲရာတွင် ကြန့်ကြာမှုများ ရှိနေခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်အချို့က ပြောသည်။

ထိုအဖြစ်အပျက်မျိုး တိတိပပမပြောနိုင်သော်လည်း ထိုကဲ့သို့ ဖြစ်စဉ်များရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးကဆိုသည်။

ထင်ရှားသောသာဓကမှာ အများပြည်သူအတွက် အဓိကလိုအပ်နေသော ဆက်သွယ်ရေးလိုင်စင်ချပေးရေးကိစ္စတွင် လွှတ်တော်က အရေးကြီးအဆိုတင်သွင်း၍ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ အလားတူ လျှပ်စစ်မီတာခတိုးကောက်ရေးကိစ္စတွင်လည်း လွှတ်တော်က မကန့်ကွက်ခဲ့ကြပေ။ အခွန်နှင့်ပတ်သက်သော ဥပဒေနှင့် အနိမ့်ဆုံးလုပ်ခလစာ ဥပဒေများ ပြဋ္ဌာန်းရာတွင်လည်း အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ အနိမ့်ဆုံးအခကြေးငွေမှာ ယနေ့အထိပင် မသတ်မှတ်နိုင်သေးပေ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းရာတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ လုပ်ကိုင်နိုင်သည့် ၄၉း၅၁ အချိုးကို အတည်ပြုပေးရန် လွှတ်တော်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများက လိုက်လံစည်းရုံးခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ပြောသည်။

ထို့ကြောင့်လည်း ထိုဥပဒေကို အကြိတ်အနယ်ဆွေးနွေးခဲ့ရပြီး နောက်ဆုံးလုပ်ငန်းရှင်အားလုံးနီးပါး လုပ်ကိုင်နိုင်မည့် ၂၀း၈၀ အချိုးသို့ ပြောင်းလဲအတည်ပြုနိုင်ခဲ့သည်။

လက်ရှိလွှတ်တော်အမတ်အများစုမှာ ပြည်ခိုင်ဖြိုးပါတီမှ အမတ်များဖြစ်ကြပြီး အများစုမှာ အငြိမ်းစားအစိုးရဝန်ထမ်းများနှင့် တပ်မတော်အရာရှိဟောင်းများ ဖြစ်ကြသည်။ ထို့အပြင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် သက်ဆိုင်ရာဒေသမှ စီးပွားရေးလုပ်ငန်းရှင်များလည်း ပြည်ခိုင်ဖြိုးအမတ်များ ဖြစ်ကြသည်။ တိုင်းရင်းသားလွှတ်တော်အမတ်များထဲတွင် ချမ်းသာသောသူများ ရှိကြသည်။

လွှတ်တော်အမတ်ဖြစ်သွားသူ အများစုမှာလည်း အငြင်းပွားစရာ များစွာရှိသော ၂၀၁၀ ရွေးကောက်ပွဲဖြင့် လွှတ်တော်အမတ် ဖြစ်လာသူများ ဖြစ်ကြသည်။ အချို့မှာလည်း မလုပ်ချင်ဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ တာဝန်ပေးမှုကြောင့် လွှတ်တော်အမတ် ဖြစ်လာသူများဖြစ်သည်။ အများစုမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များတော့ မဟုတ်ကြပေ။ ထို့ကြောင့်လည်း လွှတ်တော်အတွင်း ဆောင်ရွက်ရာတွင် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်မှု နည်းပါးနေခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်ပေါ်တွင်သာ အဓိကမှီခိုနေသည့်အခြေအနေ ဖြစ်နေသည်။

ထို့ကြောင့် ဥပဒေများပြဋ္ဌာန်းရာတွင် အများပြည်သူအတွက် ဆောင်ရွက်မှုနည်းပါးကြောင်း လွှတ်တော်ကို စောင့်ကြည့်နေသူများက သုံးသပ်သည်။

‘‘လက်ရှိအမြင်ကိုပြောရရင် ဥပဒေကို ပြဋ္ဌာန်းတဲ့နေရာမှာ အများပြည်သူအကျိုးကို ကြည့်တာတို့၊ ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဥပဒေမျိုးတို့ သိပ်မတွေ့ရဘူး’’ဟု လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော ပွင့်လင်းရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ ဦးအေးကျော်က ပြောသည်။

လွှတ်တော်သက်တမ်း သုံးနှစ်ရှိလာချိန်တွင် လွှတ်တော်အတွင်း မေးခွန်းမေးမြန်းဆွေးနွေးမှု လုံးဝမရှိသော လွှတ်တော်အမတ် ၁၆၀ ကျော်ရှိကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီအစဉ်တွင် ဖော်ပြထားသည်။

လွှတ်တော်ထဲတွင် ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းထားသော်လည်း စိတ်ဓာတ်တူချင်း (သို့မဟုတ်) အကျိုးစီးပွားတူသူများ အချင်းချင်း အုပ်စုဖွဲ့သူများရှိကြောင်း စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူကပြောသည်။

ထိုကဲ့သို့ အစုဖွဲ့ရာတွင် နိုင်ငံကျော်စီးပွားရေးလုပ်ငန်းရှင် အမတ်ကြီးများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် လွှတ်တော်အမတ်များမှာ အစုအဖွဲ့တစ်ခုကဲ့သို့ ဖြစ်နေကြသည်။

‘‘ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မတီကလာတဲ့ ဥပဒေတွေဆို လွှတ်တော်အမတ်တွေက သိပ်မကန့်ကွက်ကြဘူး’’ဟု အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးကလည်း ပြောသည်။

ထိုကော်မတီတွင် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော ဦးဌေးမြင့်၊ ဦးဝင်းဦးနှင့် ဦးတိုးနိုင်မန်း(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏သား)တို့ ပါဝင်ကြသည်။ ထို့အပြင် လွှတ်တော်တွင် ဖွဲ့စည်းထားသော ကော်မတီများက ဥပဒေကြမ်းများရေးဆွဲရာတွင် မိမိနှင့် အဆင်ပြေသူများကို ဖိတ်ကြားကြကြောင်းလည်း သတင်းရရှိသည်။

‘‘လစာကပဲ သုံးသိန်းရတော့ တချို့ကော်မတီဝင်တွေက အစည်းအဝေးတွေ မတက်တော့ ကိုယ့်အဖွဲ့နဲ့ကိုယ် ဆွေးနွေးအတည်ပြုခဲ့တာတွေ အများကြီးရှိခဲ့တယ်’’ဟု လွှတ်တော်အမတ်တစ်ဦးကပြောသည်။

ထို့အပြင် လက်ရှိလွှတ်တော်အမတ်များထဲတွင် ဥပဒေနှင့်ပတ်သက်၍ အမြင်နှစ်မျိုးရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကဆိုသည်။‘‘လွတ်လပ်ခွင့်ကို ဥပဒေနဲ့ အကာအကွယ်ပေးမယ်ဆိုတဲ့ လူနဲ့ဥပဒေနဲ့ ချုပ်ကိုင်ချင်တဲ့လူဆိုပြီး နှစ်မျိုးရှိတယ်’’ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။

ထို့အပြင် လွှတ်တော်အမတ်တစ်ဦးလျှင် လစာမှာလည်း ကျပ်သုံးသိန်းသာရရှိသည်။ လွှတ်တော်အစည်းအဝေးရှိသည့်ရက်များတွင်မူ စားစရိတ်အဖြစ် တစ်နေ့လျှင် ကျပ်တစ်သောင်းသာ ရရှိကြပြီး ဈေးသက်သာသော စည်ပင်ရိပ်သာတွင် တည်းခိုလျှင်ပင် တစ်နေ့လျှင် နှစ်ထောင်ကျပ်ပေးရသည်။

‘‘တိုင်းပြည်ရဲ့အခြေအနေအရတော့ သင့်တော်တယ်။ ဒါပေမဲ့ တကယ်အလုပ်လုပ်မယ်ဆိုရင် မလုံလောက်ဘူး’’ဟု လွှတ်တော်အမတ်တစ်ဦးကပြောသည်။

ထို့ကြောင့်လည်း အချို့သော လွှတ်တော်အမတ်များမှာ စွမ်းဆောင်ရည်ပိုင်းနှင့် ရပ်တည်ချက်ပိုင်းတွင် အားနည်းချက်များ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း လွှတ်တော်လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

‘‘သာမန်အောက်ခြေကလူတွေရဲ့ အကျိုးစီးပွားကိုသာ ကြည့်မယ်ဆိုရင် အနိမ့်ဆုံးလစာ ဥပဒေမျိုးမှာ မကြန့်ကြာသင့်ဘူး’’ဟု ဦးအေးကျော်က ဆက်လက်ပြောသည်။

ထို့အပြင် နိုင်ငံခြားဘဏ်များဖွင့်ခွင့်နှင့် ပတ်သက်၍ လွှတ်တော်မှ ကန့်ကွက်မှုရှိနေသဖြင့် ကြန့်ကြာမှုများ ဖြစ်နေရသည်ဟု အစိုးရဘက်က ဝေဖန်မှုများရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားဘဏ်များ ဖွင့်ခွင့်ပေးမှသာ လာရောက်ကြမည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်မှသာလျှင် လက်ရှိ မြန်မာနိုင်ငံတွင် အဓိကဖြစ်နေသော အလုပ်လက်မဲ့ပြဿနာကို အဓိကဖြေရှင်းနိုင်မည်ဖြစ်သည်။

လက်ရှိအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များမှာ ခေတ်တစ်ခေတ်မှတစ်ခေတ်သို့ ပြောင်းလဲရန် ကြိုးစားနေချိန်တွင် ပါဝင်နေရသူများ ဖြစ်သည်။ လွှတ်တော်အမတ်များအနေဖြင့် ခေတ်စနစ်နှင့် မကိုက်ညီသော ဥပဒေများ ဖျက်သိမ်းရန်နှင့် အများပြည်သူအတွက် အကျိုးရှိမည့် ဥပဒေများပြဋ္ဌာန်းသည့် တာဝန်များထမ်းဆောင်နေသော ကာလဖြစ်သည်။ ထိုတာဝန်များ ရရှိထားချိန်တွင် မိမိကိုယ်ကျိုးကြောင့် သမိုင်းတရားခံမဖြစ်စေရန် လိုသည်။

လွှတ်တော်သက်တမ်းသုံးနှစ်နှင့် နှစ်လကျော်ကာလတွင် ဥပဒေပေါင်း ၉၈ ခု ပြဋ္ဌာန်းနိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းတွင် ဥပဒေပေါင်း ၅၄ ခု ဆွေးနွေးဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဧပြီလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် ယခုလွှတ်တော်သက်တမ်းအတွင်း ပြဋ္ဌာန်းခဲ့သော၊ ပြင်ဆင်ခဲ့သော ဥပဒေများတွင်ပင် ပြည်သူအတွက် အကျိုးမရှိသော၊ အစိုးရကိုသာ ကာကွယ်ပေးသော အချက်များပါဝင်ကြောင်း ဝေဖန်မှုများလည်းရှိသည်။ မည်သို့ဆိုစေ သူရဦးရွှေမန်းကတော့ အကြမ်းအားဖြင့် ဥပဒေ ၂၀၀ ခန့်ကို ပြင်ဆင်ပြဋ္ဌာန်းအတည်ပြုပေးရန်ရှိပြီး ထိုဥပဒေများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာမတိုင်မီ ဆောင်ရွက်မှသာ အဆင်ပြေမည်ဟု ရန်ကုန်လွှတ်တော်ရုံးခွဲ၌ ဧပြီ ၂၂ ရက်က လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။ ထို့ကြောင့် လွှတ်တော်လက်ကျန်သက်တမ်းတွင် အမတ်များ တိုင်းပြည်အတွက် မည်မျှစွမ်းဆောင်နိုင်ခဲ့သလဲဆိုသည်က ၎င်းတို့ပြဋ္ဌာန်းခဲ့သော ဥပဒေများက မှတ်ကျောက်တင်မည်ဖြစ်သည်။     ။

7day news journal