လယ်သမားများအား ကြိုးနှင့်တုပ် ရိုက်နှက်ခြင်းများ ထုံးဘိုရွာတွင်ဖြစ်ပွား

ပို့စ်တင်ချိန် - 5/28/2014 06:29:00 PM



ရန်ကုန်၊ မေ ၂၈ ။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးစိုးမြင့်အား အာရောဂျံဆေးရုံပိုင်ရှင်ဒေါ်မိမိလေး၏
အလုပ်သမားတစ်ဦးဖြစ်သူက လယ်ယာမြေကိစ္စဖြေရှင်းရန် အတွက်ဖုန်းဖြင့်ဆက်သွယ် ခေါ်ယူခဲ့ပြီး သွားရောက်တွေ့ဆုံသော ဦးစိုးမြင့်
အပါအဝင် လယ်သမား၅ဦးကို ဒေါ်မိမိလေးငှားရမ်းထားသော အလုပ်သမား ၉ ဦးက ကြိုးနှင့်တုပ် ရိုက်နှက်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်တွင် အရိုက်ခံရသောထုံးဘိုရွာသား တစ်ဦးဖြစ်သူ ဦးညွန်ဆွေမှ “၂၆ ရက်နေ့ မနက်၉နာရီခန့်က ကိုစိုးမြင့်ဆီဖုန်းဝင်လာပါတယ်
မြေကိစ္စရှင်းချင်လို့လာခဲ့ပါအုန်းဆိုတော့ ကျွန်တော်တို့သွားရောက်ခဲ့ပါတယ် သူတို့က ကြိုတင်စီစဉ်ထားတယ်လို့ကျွန်တော်ထင်တယ်
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဆိုင်ကယ် ရောက်တာနဲ့ ဆီးပြီးရိုက်တာပါ စာကြည်တိုက်ဆောက်ဖို့ကောက်ခံထားတဲ့ငွေ ၃သိန်းကိုလည်း
ယူသွားပါတယ်” ဟု ပြောသည်။

၁၉၉၀ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် ကော်ဖီစိုက်ပျိုးရေးစီမံကိန်းအတွက် မြေသိမ်းယူပြီး လုပ်ငန်းရှင်များကို စိုက်ပျိုးမြေများချ
ထားပေးခဲ့သည်။အခင်းဖြစ်ပွားရာ မြေနေရာမှာ အာရောဂျံဆေးရုံပိုင်ရှင် ဒေါ်မိမိလေး မှဧက၁၀၀ခန့် ရယူထားပြီး အချို့မြေနေရာများအား
စိုက်ပျိုးခြင်းမရှိပဲရာင်းချနေကြောင်း ဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

“ဒီမြေတွေကို တပ်မတော်အစိုးရလက်ထက်မှာကော်ဖီစိုက်ပျိုးရန်ရန်အတွက် လုပ်ငန်းရှင်တွေကို ပေးထားပါတယ် မစိုက်ပျိုးရင် နိုင်ငံတော်ကို
ပြန်လည်အပ်နှံရမယ်လို့စာချုပ်ထဲမှာပါဝင်ပါတယ် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် က စိုက်ပျိုးခြင်းမရှိတဲ့ မြေလွတ်တွေကို ပြည်သူတွေ စိုက်ပျိုးနိုင်အောင် ခွဲဝေပေးရမယ်လိုပြောကြားခဲ့တဲ့အတွက် မြေလွတ်တွေကို ဝင်ရောက်စိုက်ပျိုးနိုင်အောင် ကျွန်တော်တို့တွေဝင်ရောက် ရှင်းလင်းနေတာပါ” ဟု
ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။

ကြိုးနှင့်တုပ်အရိုက်ခံရသော ရွာသားငါးဦးတွင် ၄ယောက်ဆေးရုံတက်၍ ဆေးကုသမှုခံယူနေရပြီး ဦးစိုးမြင့်မှာ ပါးတစ်ခြမ်းရောင်၊ ဦးခေါင်းပေါက်ပြဲ
၊ခြေသလုံးအရိုးကျိုး ဒါဏ်ရာများရရှိခဲ့ပြီး စကားကောင်းစွာ မပြောနိုင်သေးကြောင်း သိရသည်။အဆိုပါဖြစ်စဉ်အတွက် မြို့နယ်ရဲစခန်းတွင်
အမှုဖွင့်ထားကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄/၃၂၅/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဒုရဲအုပ်ဦးသန်းထိုက်မှ ပြောသည်။

ချမ်းမင်းဟန်
ဓာတ်ပုံ-မစုစုနွေး


The Myanma Age