မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများကိစ္စ တရုတ်အစိုးရ တာဝန်မယူဟုဆို

ပို့စ်တင်ချိန် - 5/28/2014 06:36:00 PM



မန္တလေး၊ မေ ၂၇

တရုတ်နယ်စပ် ဒေသများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေ ထွက်ရာ၊ ဓာတ်သတ္တုထွက်ရာ ဒေသများသို့ တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား များကို အရေးယူခြင်းနှင့် ပတ်သက်၍ တာဝန် မယူကြောင်း၊ ၄င်းတို့ကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သာမက မည်သည့်နိုင်ငံသို့ မဆို တရားဝင် သွားရောက်နေထိုင်ခြင်း ကိုသာ ခွင့်ပြုထားပြီးတရုတ် နိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်သည်ကို ဖမ်းဆီးမိပါက မြန်မာနိုင်ငံရှိ ဥပဒေများဖြင့် လွတ်လပ်စွာ တရားစီရင်နိုင်ကြောင်း၊ အဆိုပါ နိုင်ငံသားကို အပြစ်ပေး အရေးအယူခြင်းကြောင့် တရုတ် ကောင်စစ်ဝန်ရုံးက အဆိုပါ အပြစ်ပေးခံ ရသူများကို တစ်စုံတစ်ရာ ကူညီ ဆောင်ရွက်ပေး မည်မဟုတ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
"ကျွန်တော်တို့နိုင်ငံ မှာလည်း တရားမဝင် လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်"ဟု Wang Yu က ဆိုသည်။

မန္တလေးမြို့တော်တွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသား အများစုမှာ တရုတ်လူမျိုးများ ဖြစ်ပြီး အချို့မှာ သတ္တုတွင်းများ၊ ရွှေတွင်းများတွင် နေထိုင်ကြကာ အချို့မှာ မန္တလေးမြို့ပေါ်တွင် နေထိုင်ကြ ကြောင်း အဆိုပါ တရားမဝင်နေထိုင်သူ များကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူသကဲ့သို့ ပြစ်မှုဆိုင်ရာ ဥပဒေများ ဖြင့်လည်း အရေးယူကြောင်း၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုသည် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို တရားစီရင်ခြင်း အတွက် မည်သည့်နိုင်ငံ ကမှ ကြားဝင် ဆောင်ရွက်ခွင့် မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ် ပြောကြားသည်။

"မြို့လယ်ခေါင် ရွှေဖြူပလာဇာ ပေါ်မှာ မြန်မာစကား မတတ်တဲ့ တရုတ်တွေ အများကြီးပဲ။ ၄ လွှာ၊ ၅ လွှာ၊ ၆ လွှာ တွေမှာ တရုတ်တွေချည်းပဲ။ ဒီတရုတ် တွေကို မြန်မာနိုင်ငံသား ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ အမြဲစောင့်ကြည့်ပြီး သက်ဆိုင်ရာက စိစစ်သင့်တယ်" ဟု မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ ဦးဇော်ဇော်က ဆိုသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ အတွင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသား တစ်ဦး နေထိုင်သည်ကို တွေ့ရှိရပြီး ၄င်းကို ဗီဇာ စည်းကမ်းဖောက်ဖျက်မှု၊ မီးပေါ့ဆမှုတို့ဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှသိရှိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၂ ခုနှစ် အတွင်း တရုတ်နိုင်ငံသား ၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ဥပဒေ မလိုက်နာမှုဖြင့် အရေးယူခဲ့ပြီး ၄င်းတို့ကို ပြည်နှင်ဒဏ် အပါအဝင် ပြစ်ဒဏ်များ ချမှတ်ခဲ့ရကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရထံ ဆက်သွယ်မေးမြန်းချက် အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ထောင်ကျော် ရှိပြီး အဆိုပါ တစ်ထောင်ကျော်တွင် တရုတ်နိုင်ငံသား ၉၀၀ ကျော်ပါဝင်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ခန့်မှန်း ပြောဆိုထားသည်

The Voice Weekly