ပြည်တွင်းကားဈေးကွက် ကျဈေးဖြင့် ငြိမ်

ပို့စ်တင်ချိန် - 9/18/2013 08:53:00 AM



ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်အတွင်း ရောင်းလိုသည့် ယာဉ်များနေ၍ အရောင်းအဝယ် အေးပြီး ကျဈေးဖြင့် ငြိမ်သက်လျက် ရှိကြောင်း ရန်ကုန် မော်တော်ယာဉ် ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဝယ်လိုအားနဲ့ ရောင်းလိုအားက မမျှဘူး ဖြစ်နေတာ။ နောက်ဆို ကားဈေးက ကျဖို့ပဲများတယ်” ဟု ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးကျော်စိုးက ပြောဆိုသည်။

ပြည်တွင်း မော်တော်ယာဉ် လိုအပ်ချက် လျော့ကျလာခြင်းနှင့် လမ်းကျပ်ခြင်းမှာလည်း ကားဈေးကွက် အေးနေသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“(ကျပ်) သိန်းတစ်ရာအောက် ကားတွေဆို မဝယ်ရဲဘူး။ ပြန်ရောင်းမရဖြစ်ပြီး အရှုံးပေါ်လို့။ အရာင်းအဝယ်ကတော့ ကားမျိုးစုံကို အေးနေတာ” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးဇော်ဇော်က ပြောကြားသည်။

လတ်တလော မော်တော်ယာဉ် ဈေးကွက်အတွင်း လင်ခရူဇာ၊ လပ်ဇပ် (၂၀၀၇ မော်ဒယ်လ်) တစ်စီးလျှင် ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ခန့်၊ တိုယိုတာ ဘယ်တာ၊ ဘစ်၊ ဟွန်ဒါဖစ်နှင့် ကိုရိုလာ (၁၉၉၉ မော်ဒယ်လ်) တစ်စီးလျှင် ကျပ်သိန်းတစ်ရာ ဝန်းကျင်ခန့်၊ GE-6 (၉ဃ မှ 5F) ယာဉ်များမှာ ကျပ် ၁၁၅ သိန်း ခန့်၊ အပ်ဘဆန့် (UG seletion ၂၀၁၁−၂၀၁၂ မော်ဒယ်) ယာဉ်များမှာ ကျပ်သိန်း ၂၃၀ ဝန်းကျင်ခန့် ပေါက်ဈေး ရှိကြောင်း ပြည်တွင်း မော်တော်ယာဉ် ဈေးကွက် အတွင်းမှ သိရသည်။
The Voice Weekly