ဒေါ်အောင်ဆန်းစုကြည်၏ အရှေ့ဥရောပခရီး

ပို့စ်တင်ချိန် - 9/18/2013 08:34:00 AM


အရှေ့ဥရောပကို ကွန်မြူနစ်နိုင်ငံများဟု စစ်အေးခေတ်တွင်းက သတ်မှတ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အရှေ့နှင့်အနောက်ဥရောပဟူ၍ နယ်မြေသတ်မှတ်ပြီး နေတိုးနှင့် ၀ါဆောအဖွဲ့ခွဲလိုက်ခြင်းက ဥရောပကိုခွဲခြမ်းပစ်ခဲ့သည်။

ကုလသမဂ္ဂ၏ သတ်မှတ်ချက်က ဘီလာရုစ်၊ ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ မော်လ်ဒိုဗာ၊ ပိုလန်၊ ရိုမေးနီးယား၊ ရုရှား၊ စလိုဗေးကီးယားနှင့် ယူကရိန်းတို့သည် အရှေ့ဥရောပဖြစ်သည်။ သို့သော် ဥရောပသမဂ္ဂက အရှေ့ဥရောပတွင် အရှေ့အလယ်ပိုင်းဥရောပနှင့် အရှေ့တောင်ဥရောပနိုင်ငံများကို ထပ်မံထည့်သွင်းသတ်မှတ်သည်။

မည်သို့ဆိုစေ အရှေ့ဥရောပဟုဆိုလိုက်လျှင် ရုရှားနှင့်ဆက်စပ်မြင်ကြပြီး အနောက်ဥရောပဟုဆိုလိုက်လျှင် အရင်းရှင်လူနေမှုစနစ်ဦးဆောင်သူ အမေရိကန်နှင့် တွဲမြင်လေ့ရှိကြသည်။

မြန်မာနိုင်ငံ၏ ဆိုရှယ်လစ်လမ်းစဉ်ထူထောင်သည့် ခေတ်များက မြန်မာသည် အရှေ့ဥရောပနှင့်သာ အဆက်အသွယ်များခဲ့သည်။

ယခု ဒေါ်အောင်ဆန်းစုကြည်၏ အရှေ့ဥရောပခရီးစဉ်တွင် ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတနိုင်ငံတို့သို့ သွားရောက်သည်။ ချက်သမ္မတနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆက်ဆံရေးက ချက်သမ္မတဗာ့ကလဗ်ဟာဗဲလ်ကို အကြောင်းပြုပြီး နွေးထွေးလှသည်။ မြန်မာအများ ချစ်ခင်လေးစားသော အနုပညာရှင်ဟာဗဲလ်က သူသမ္မတဖြစ်နေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုဗယ်ဆုအတွက် အမည်တင်သွင်းခြင်းဖြင့် မြန်မာ့ဒီမိုကရေစီရေးကို ပီပီပြင်ပြင်အားပေးခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ် ကမ္ဘာကအာရုံစိုက်လာကြသည်။

“တန်ဖိုးထားမှုချင်းတူညီနေတဲ့ မိတ်ဆွေတွေဟာ အကောင်းဆုံးမိတ်ဆွေတွေပါ”ဟု ကွန်မြူနစ်အလွန် အရှေ့ဥရောပခရီးစဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။ “ကွယ်လွန်သူသမ္မတ ဗာ့ကလဗ်ဟာဗဲလ်နဲ့ မြန်မာနိုင်ငံက ကျွန်မတို့တစ်တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆာလောင်တောင့်တမှုမှာ တူညီနေတဲ့အတွက် ပင်လယ်သမုဒ္ဒရာတွေ၊ တိုက်ကြီးတွေခြားနေပေမယ့် ကျွန်မတို့ဟာ မိတ်ဆွေတွေဖြစ်လာပါတယ်”

ကွန်မြူနစ်စနစ်ကို ချုပ်ငြိမ်းစေပြီး ဒီမိုကရေစီလမ်းပေါ်တက်လှမ်းစ အရှေ့ဥရောပတွင် မြန်မာက သင်ယူစရာများရှိနေသည်။ ပိုလန်ရောက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပိုလန်သမ္မတ ဘရွန်နီစလောကိုမိုရောဗ်စကီနှင့်သာမက ညီညွတ်စွာလွတ်မြောက်ရေးလှုပ်ရှားမှုကို တည်ထောင်ခဲ့ပြီး ပထမဆုံးရွေးကောက်ခံသမ္မတဟောင်း လက်ခ်ဝေလဆာနှင့်လည်း တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ စလုံးရေစခါစဖြစ်ပြီး ခေတ်ဟောင်း၊ စနစ်ဟောင်းကိုပြုပြင်ရန် စိုင်းပြင်းခါစပင်ရှိနေသေးသည်။ စစ်အာဏာရှင်စနစ်၊ ကွန်မြူနစ်စနစ်အောက်မှ လူနေမှုအဖွဲ့အစည်းများ၊ လူများ၏စိတ်ဓာတ်များကို ပြုပြင်ရန်အတွက် ရှေ့ကပြောင်းလဲသွားသော နိုင်ငံများထံမှ လေ့လာစရာရှိနေတာကတော့ အမှန်ပင်။ အာဏာရှင်စနစ်အောက်တွင် နေထိုင်ခဲ့သူများကို စနစ်သစ်တွင် ကျွမ်းဝင်အောင် လေ့ကျင့်ရန်လိုနေသည်။ ဖိနှိပ်မှုအောက်မှ စထွက်ချိန်တွင် စည်းကမ်းရှိရန်၊ ဒီမိုကရေစီ၏အနှစ်သာရကို နားလည်ရန်၊ ဒီမိုကရေစီလူ့အဖွဲ့အစည်း၏တာဝန်ကို ယူတတ်ရန်တို့ အရေးကြီးကြောင်း ပညာရှင်များကထောက်ပြနေကြသည်။ ဒီမိုကရေစီဖော်ဆောင်ခြင်းတွင် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက လူထုက မည်မျှအထိပါဝင်မှု ရှိ၊ မရှိဆိုသည့်အပေါ် မူတည်နေသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းပြီးသည်ဆိုသော်လည်း မအောင်မြင်သေးသော နိုင်ငံများလည်း ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရှေ့ဥရောပခရီးစဉ်မတိုင်မီနှင့် ခရီးစဉ်အတွင်း ပြောဆိုချက်များကိုကြည့်လျှင် သူသည် ထိုအပြောင်းအလဲကို အောင်မြင်စွာဆောင်ကြဉ်းနိုင်ခဲ့သော အရှေ့ဥရောပသုံးနိုင်ငံထံမှ အကြံဉာဏ်များ၊ အတွေ့အကြုံများကို ရယူမည်ဟု နားလည်ရသည်။

ဒီမိုကရေစီစနစ် စတင်ထူထောင်ပြီး အခြေကျနေပြီးဖြစ်သည့် အနောက်ဥရောပနိုင်ငံများက မြန်မာနိုင်ငံကို ကူညီလိုက်သော်လည်း ဖြတ်သန်းမှုမတူညီကြသည့်အတွက် မြန်မာနိုင်ငံ၏ပကတိအခြေအနေကို နားလည်နိုင်ခြင်းမရှိပါ။ တူညီသောအတွေ့အကြုံကို မကြာသေးမီအချိန်ကမှ ကျော်ဖြတ်ခဲ့ကြသည့် အရှေ့ဥရောပနိုင်ငံများက ပို၍ကူညီနိုင်ကြမည်ဖြစ်ရာ အရှေ့ဥရောပထံမှ အတွေ့အကြုံများရယူရန် ဒေါ်အောင်ဆန်းစုကြည်၏အစီအစဉ်သည် လက်တွေ့ကျသည်ဟု ဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင် နီးကပ်လာပြီဖြစ်သော အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတကာက သိသင့်သောအခြေအနေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ခရီးစဉ်အတွင်း သတင်းစကားပါးသည်။

လက်ရှိအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရွေးချယ်ခံရန် တားဆီးပိတ်ပင်ထားသည်။ ထိုဥပဒေပြင်ဆင်ရေးအတွက် ပြည်တွင်းပြည်ပက တွန်းအားပေးနေသော်လည်း ယခုအချိန်အထိ အပြောင်းအလဲမတွေ့ရသေးပါ။ ပြီးခဲ့သည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ၊ စစ်တပ်တို့နှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းချက်များကို သိသိသာသာတွေ့ရသည်။ မီဒီယာများအကြား ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်ပြောဆိုသံများ သိပ်မတွေ့ရတော့ပါ။ သို့သော် ရွေးကောက်ပွဲက နီးလာပါပြီ။ အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက တောင်းဆိုနေသည့် အခြေခံဥပဒေပြင်ဆင်မှုမရှိလျှင် အနောက်နိုင်ငံများနှင့် မြန်မာ၏ဆက်ဆံရေးက မည်သို့မည်ပုံပြောင်းလဲနိုင်မည်ကို မသိရသေးပါ။

“တကယ်လို့ အစိုးရက အခြေခံဥပဒေပြင်ဆင်ဖို့အတွက် လုပ်ဆောင်ချက်ကို မထောက်ခံဘူးဆိုရင် အစိုးရဟာ စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်ဖို့ စိတ်မ၀င်စားဘူးလို့ပဲ ကျွန်မတို့ ကောက်ချက်ချရပါလိမ့်မယ်”ဟု ဟန်ဂေရီတွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။

ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်ခြေကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင်မူ “တံခါးတွေကို တတ်နိုင်သလောက် ကြာကြာဖွင့်ထားသင့်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်”ဟု ဖြေဆိုသွားသည်။ အပြောင်းအလဲအပေါ် အစိုးရ၏နှောင့်နှေးကြန့်ကြာမှုများကို ဖွင့်ပြောလိုက်သည့် တစ်ပြိုင်နက်တည်းမှာပင် အစိုးရနှင့် ဆက်လက်ပြီး ယုံကြည်ရေးတည်ဆောက်ရန် ကြိုးစားဦးမည်ဟု နားလည်ရသည်။ အစိုးရဘက်က အပြောင်းအလဲလုပ်လာရန်လည်း အခွင့်အရေးပေးထားသည်ဟု ယူဆရသည်။

မြန်မာစစ်တပ်နှင့် အရပ်သားတစ်ဖြစ်လဲ စစ်အစိုးရခေါင်းဆောင်ပိုင်းနှင့် ယုံကြည်ချက် တည်ဆောက်နေသော်လည်း ယင်းယုံကြည်မှု၏ရေချိန်ကို အခြေခံဥပဒေကို ပြင်ဆင်မှုနှင့် တိုင်းတာစောင့်ကြည့်ရမည့်သဘော ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရနိုင်သည်၊ မရနိုင်သည်အပထားပြီး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုသည်အထိ စစ်တပ်ကယုံကြည်မှုရှိနိုင်ပါသလား။ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်သည့်လမ်းက သူ့ကို ဒီမိုကရေစီအဖွဲ့များနှင့် တခြားအရေးပါသည့် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ကင်းကွာစေခဲ့ကြောင်း ဝေဖန်သံများလည်း ကြားရသည်။

သို့သော် တစ်ဖက်ကလည်း အစိုးရ၊ စစ်တပ်နှင့် ယုံကြည်မှုတည်ဆောက်လျှင်လည်း အခြေခံဥပဒေပြင်ဆင်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆိုသည်မှာ ပို၍ပင်အလှမ်းကွာဝေးပေတော့မည်ဖြစ်သည်။

မြန်မာပြည်အပြောင်းအလဲကို ၀ိုင်းဝန်းကြိုဆိုကြသည့် အနောက်နိုင်ငံများက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့ပူးပေါင်းမှုဖြင့် မြန်မာကို တရုတ်၏ ချုပ်ကိုင်မှုအောက်ကထွက်အောင်၊ စီးပွားရေးအပြောင်းအလဲဖြင့် နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် လုပ်နိုင်မည်ဟု ယူဆကောင်းယူဆခဲ့ပေမည်။ မြန်မာနိုင်ငံကို ဆက်ဆံရေးပြန်လည်စတင်ရန် အနောက်နိုင်ငံများအကြား ဆွေးနွေးမှုများစွာရှိခဲ့သည်။ အမေရိကန်ကွန်ဂရက်ကို ထိုစဉ်က မြန်မာစစ်အစိုးရက ဈေးကြီးသောကုမ္ပဏီတစ်ခုကိုငှားရမ်းပြီး မြန်မာနိုင်ငံအတွက် မဲဆွယ်ပေးရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချထားဆဲအဖြစ်ကြောင့် မအောင်မြင်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီအားပေးမှုမပါဘဲ အနောက်နိုင်ငံများ၏ မြန်မာအပေါ် သဘောထားပြောင်းလဲမှု မဖြစ်နိုင်ခဲ့ပါ။ သို့သော် ခရီးကအစမှာပင်ရှိနေသေးသည်။ မြန်မာကလှမ်းသည့် ခြေလှမ်းများအပေါ် တုံ့ပြန်သွားမည်ဟု အမေရိကန်က အကြိမ်ကြိမ်ဆိုခဲ့သည်။ မျှတသောရွေးကောက်ပွဲကသာ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအ၀ိုင်းအတွင်းသို့ ပီပီပြင်ပြင်ဂုဏ်သိက္ခာရှိရှိ ၀င်ရောက်စေနိုင်မည်ဖြစ်သည်။

လက်ရှိအပြောင်းအလဲများအပေါ် ဆုံးဖြတ်ချက်မစောကြရန်လည်း အရှေ့ဥရောပခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။

“စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားတာဟာ မှန်ကန်တယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်တဲ့ နိုင်ငံတွေအတွက် အခုအချိန်ဟာ အင်မတန်ကို အရေးကြီးလာပါတယ်။ အမေရိကန်၊ ဥရောပနဲ့ တခြားနိုင်ငံတွေမှာဖြစ်နေတဲ့ အခြေအနေတွေကို ပကတိအတိုင်းကြည့်ကြပြီး အကောင်းမြင်ချင်တဲ့ ဆန္ဒမစောကြပါနဲ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ဟန်ဂေရီတွင် သတင်းထောက်များအား ပြောဆိုလိုက်သည်။

“အခြေခံဥပဒေကိုမပြင်ဘဲနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီမရသေးဘူး”ဟုလည်း အခြေခံဥပဒေပြင်ဆင်ရေးက အဓိကကျကြောင်းကို ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။

မြန်မာလိုလားသော ဒီမိုကရေစီရေးပြောင်းလဲမှုမှာ ဗီယက်နမ်၏ ပြောင်းလဲမှုမျိုးမဟုတ်ကြောင်း အနောက်နိုင်ငံမှ ဥပဒေပြုအမတ်များကို သိသာစေရန်လိုသည်ဟု အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဦးတင်ဝင်းအောင်ကဆိုသည်။ မြန်မာ့အပြောင်းအလဲအတွက် ပိတ်ဆို့မှုများဖယ်ရှားရန် ဦးဆောင်မဲဆွယ်ခဲ့သူ၊ ဗီယက်နမ်စစ်ပြန်လည်းဖြစ်သူ အမေရိကန်လွှတ်တော်အမတ်ဂျင်ဝက်ဘ်က မြန်မာကို ဗီယက်နမ်နှင့် မကြာခဏနှိုင်းယှဉ်ပြောဆိုခဲ့သူဖြစ်သည်။ ဗီယက်နမ်ကို ချမှတ်ထားသည့် ကုန်သွယ်မှုပစ်ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်က ၁၉၉၄ ခုနှစ်တွင် ဖယ်ရှားပေးခဲ့သည်။ စီးပွားရေးပွင့်လင်းပြီး ပြောင်းလဲသွားသော်လည်း ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ရွေးကောက်ပွဲလုပ်နိုင်သည်ဟု သူကပြောဖူးသည်။ ဆိုလိုသည်မှာ လွတ်လပ်မျှတသော ရွေးကောက်ပွဲက အခုဖြစ်ရန် မလိုအပ်သေးဆိုသည့်သဘောပင်။ သို့သော် ထိုရွေးကောက်ပွဲသည်ပင်လျှင် လွတ်လပ်သောရွေးကောက်ပွဲမဟုတ်ခဲ့ပါ။ အပြောင်းအလဲတချို့ရှိခဲ့သော်လည်း ပါတီကချပေးသော အမတ်လောင်းများကို ရွေးချယ်နေရဆဲဖြစ်သည်။

အပြောင်းအလဲတွင် တာထွက်စောခဲ့သော်လည်း ပန်းဝင်ချိန်နောက်ကျနေသည့် မြန်မာနိုင်ငံက အမှန်တကယ်လိုလားသော အပြောင်းအလဲကိုရရှိနိုင်ရန် အရှေ့ဥရောပတွင် သွားရောက်လေ့လာနေသော ဒေါ်အောင်ဆန်းစုကြည်က “မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ၁၉၈၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာ့လှုပ်ရှားမှုကို စံနမူနာယူပြီး ဥရောပအလယ်ပိုင်းက ဒီမိုကရေစီလမ်းကြောင်းဆီကို ဦးတည်လှုပ်ရှားခဲ့ကြတယ်လို့တောင် ကျွန်မက တွေးချင်ပါတယ်။ ဒါပေမဲ့ သူတို့က ပိုပြီးမြန်မြန်ဆန်ဆန်သွားခဲ့ကြပါတယ်”

ဓာတ်ပုံ- အေအက်ဖ်ပီ
ရေးသားသူ- ခင်မေဇော်(၀ါရှင်တန်ဒီစီ)
7Day News Journal