ထိုင်း Nakhonchai Air ကုမ္ပဏီ ညှိနှိုင်းမှု အဆင်ပြေပါက မြန်မာနိုင်ငံတွင် ဘတ်စကားလိုင်း ပြေးဆွဲမည်

ပို့စ်တင်ချိန် - 10/22/2013 12:23:00 PM



ထိုင်းနိုင်ငံ အခြေစိုက် Nakhonchai Air ကုမ္ပဏီသည်သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေပါက မြန်မာနိုင်ငံတွင် ဘတ်စကားလိုင်းများ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဒါရိုက်တာ Krueawal Wongrakmit က ပြောကြားခဲ့သည်။

အဆိုပါ ဘတ်စကားလိုင်းများ ပြေးဆွဲရန်အတွက် သဘောတူညီမှု ရရှိရန် ဆွေးနွေး ညှိနှိုင်းနေကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ ပြေးဆွဲခွင့်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကိုလည်း လေ့လာလျက် ရှိနေပြီး ၎င်းတို့ အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဘတ်စကားလိုင်းများ ပြေးဆွဲနိုင်ရန် အစီအစဉ်များ လုပ်ဆောင် လျက်ရှိနေကြောင်း သိရသည်။

အိမ်နီးချင်း နိုင်ငံတွေ အတွင်းမှာ ပြေးဆွဲနိုင်ဖို့ ဈေးကွက်ချဲ့ထွင်တဲ့ သဘောပါ။ နိုင်ငံဖြတ်ကျော် ပြေးဆွဲတာ မျိုးတွေတော့ မဟုတ်ပါဘူး။ ပြေးဆွဲတဲ့ အခါမှာ ခရီးသွားနဲ့ စီးနင်းခကို အသက်သာဆုံး လုပ်မှာပါ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယင်းဘတ်စကား လိုင်းများ ပြေးဆွဲခွင့် ရရှိပါက မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်၌ စတင် ပြေးဆွဲပေးသွားမည် ဖြစ်ကြာင်း သိရသည်။ ဘတ်စကားများ ပြေးဆွဲရာတွင် ပထမတန်းစား အဲယားကွန်းပါ ဘတ်စကားများကို အသုံးပြုသွားမည် ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံတွင်လည်း ပြေးဆွဲနိုင်ရန် သဘောတူညီမှု ရရှိရေး ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် BRT စနစ်ဖြင့် ခရီးသည်တင် မော်တော်ယာဉ်များ ပြေးဆွဲရန် စီစဉ်လျက် ရှိနေသော လမ်းများ အခြေအနေ ကောင်းမွန်ခြင်း မရှိခြင်းကြောင့် ပြေးဆွဲနိုင်ဦးမည် မဟုတ်ကြောင်း၊ ယင်းအတွက် အဆိုပါ နိုင်ငံတကာ ဘတ်စကားလိုင်းများပါ ထပ်မံ ဝင်ရောက်လာပါက ပြိုင်ဆိုင်မှု ရှိလာနိုင်ပြီး လမ်းပြင်ဆင်မှုများပါ ပိုမို လုပ်ဆောင်ရန် သင့်ကြောင်း မော်တော်ယာဉ် လိုင်းများမှ သိရှိခဲ့ရသည်။

စိုးမိုး
မြ၀တီ