မြန်မာ့ တရားစီရင်ရေး အမည်ခံ တရားစီရင်ရေးသာဖြစ် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ပို့စ်တင်ချိန် - 11/16/2013 06:07:00 PM


နေပြည်တော်၊ နိုဝင်ဘာ ၁၅

လက်ရှိ မြန်မာနိုင်ငံ၏ တရား စီရင်ရေးသည် အဂတိ လိုက်စားမှုများ၊ ပြည်သူများ၏ ယုံကြည်မှု အားနည်းခြင်းကြောင့် အမည်ခံ တရားစီရင်ရေးသာ ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗန်ရှင်းစင်တာတွင် ပြုလုပ်သည့် Euro-Myanmar Task Force ပွဲတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူများသည် လက်ရှိ တရားစီရင်ရေး အပေါ်တွင် အဂတိ လိုက်စားမှု များပြားသည်ဟု ယုံကြည်လျက် ရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ သွားရာတွင် အမည်ခံ တရားစီရင်ရေး စနစ်ဖြင့် သွား၍ မရကြောင်း ၎င်းကဆိုသည်။
“ပြည်သူတွေ ထင်တာလည်း မှန်ပါတယ်။ တရားစီရင်ရေးမှာ အားလုံးမဟုတ်တောင် တော်တော်များများက ဒီလို ဖြစ်နေတယ်” ဟု ၎င်းကပြောကြားသည်။

ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးသည် သီးခြားလွတ်လပ်နေရ မည်ဖြစ်သော်လည်း အာဏာရှင်စနစ် ကြောင့် အုပ်ချုပ်ရေးပိုင်းက တရားစီရေး အပေါ် လွှမ်းမိုးမှုမှာ ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။

“တရားစီရင်ရေး စနစ်တစ်ခုလုံး ပျက်သွားတယ်လို့တောင် ယူဆနိုင်တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း အပါအဝင် လွှတ်တော်က အဖြေရှာဖို့ လုပ်နေပါတယ်” ဟု ၎င်းက အဆိုပါ ပြဿနာနှင့် ပတ်သက်၍ ပြောကြားသည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဥရောပသမဂ္ဂက တွန်းအားပေး လုပ်ဆောင်သွားရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရက Euro _Myanmar Task Force ပွဲတွင် ပြောကြားသည်။
“ကြိုက်တဲ့နေရာ လက်ညှိုးထိုး၊ ပြုပြင်စရာတွေချည်းပဲ။ အဲ့ဒါတွေကို ပြုပြင်ဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

လွတ်လပ်သည့် တရားစီရင်ရေး ဖြစ်ရေးသည် အမှန်တကယ် အရေးကြီးပြီး အလျင်အမြန် ဖြေရှင်းရန် လိုအပ်ကြောင်း ဥရောပသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ Catherine Ashton က သုံးသပ်သည်။
The Voice Weekly