တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဗန်းမော်မြို့ အတွင်းသို့ စစ်ရှောင်ဒုက္ခသည်များ အဆက်မပြတ် ၀င်ရောက်နေ

ပို့စ်တင်ချိန် - 11/16/2013 06:24:00 PM


ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း နိုဝင်ဘာလဆန်းက တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဗန်းမော်မြို့ အတွင်းသို့ စစ်ရှောင်ဒုက္ခသည်များ အဆက်မပြတ် ၀င်ရောက်နေကြောင်း သိရသည်။
ရောက်ရှိလာသည့် စစ်ရှောင်ဒုက္ခသည် အရေအတွက်မှာ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ၈၀၇ ဦးရှိခဲ့ပြီး ယင်းနောက်ပိုင်း ၀င်ရောက်လာသူများကို စာရင်းအတိအကျ မကောက်ခံရသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာနမှ စုံစမ်းသိရှိရသည်။
ရွှေ့ပြောင်းသူများမှာ မုန်းတိမ်ပါ၊ နန့်လင်းပါ၊ ကောင်လွင်၊ နတ်ကောက်၊ မိုင်းနောင်၊ ကမ်းနီ၊ ခါကျင်၊ မွန်ဆင့်၊ နန့်ဟိုင်စသည့် ကျေးရွာများမှ ဖြစ်ကြောင်း ဗန်းမော်မြို့မှ လူမှုရေး လုပ်ကိုင်သူများက ဆိုသည်။
လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဗန်းမော်မြို့ခံ ဒေါ်လှက ''ကောင်လွင်ရွာက လူတွေ ဘုန်းကြီးကျောင်း ပြေးတာလည်း ရှိတယ်။ ဆွေမျိုးအိမ် သွားတာလည်းရှိတယ်။ စာရင်းထဲမှာ ကောင်လွင် တစ်ရွာတည်း မနေ့ကအထိ အိမ်ထောင်စု ၂၃ စု၊ လူဦးရေ ၉၀ ကျော်ရှိပြီ။ ဘာစာရင်းမှလည်း မပေါက်ဘူး၊၊ ဘာအကူညီမှလည်း မရဘူး'' ဟု ဆိုသည်။
လုံခြုံမှုမရှိသော ကျေးရွာများမှ ဒေသခံများမှာ လုံခြုံမှုရှိသော ကျေးရွာများရှိ ဆွေမျိုးအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း ဒေသခံများကဆိုသည်။ ကောင်လွင်ကျေးရွာမှ စစ်ရှောင် ၅၂၀ ဦးမှာ စည်ခန်းကြီး ကျေးရွာတွင် ရောက်ရှိနေပြီး ကျောင်းသား ကျောင်သူ တစ်ရာဝန်းကျင်ခန့်မှာ ယင်းရွာ ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့၍ စာသင်နေကြောင်း သိရသည်။
ဗန်းမော်မြို့ ဖန်းခါးကုန်း ဒုက္ခသည် စခန်းတာဝန်ခံ ဦးဇော်ဘောက်က ''လတ်တလော လူဦးရေ တိုးလာတော့ နေရေး၊ ချက်ပြုတ်ရေး ဒုက္ခရောက်တယ်။ ဆန်၊ ဆီ၊ ဆား၊ ပဲ ထောက်ပံ့ပေမယ့် ဟင်းကတော့ အလှူရှင်ရှာပြီး ကျွေးရတယ်'' ဟု ပြောကြားသည်။
ကောင်လွင် ဒေသခံတစ်ဦးက ''ဒီလ ၇ ရက်နေ့ တိုက်ပွဲမဖြစ်ခင် ကတည်းက ကေအိုင်အေကို စစ်ကြောင်းတွေနဲ့နီးလို့ ရွာမှာ မနေဖို့ တောင်းပန်ပေမယ့် လက်မခံဘူး။ နီးရာ ဓားလည်း ကြောက်ရတော့ သိပ်မပြောရဲဘူး။ တပ်မတော် စစ်ကြောင်းကို ရွာထဲမ၀င်ဖို့ ပြောတော့လည်း မင်းတို့က ကေအိုင်အေလား ဖြစ်လာပြန်တော့ တချို့ကြိုပြောင်းကြလို့ အများကြီးမသေတာ။ လူကြီးတစ်ယောက်ပေါင်မှာ မိုင်းစထိတယ်။ တိုက်ပွဲဖြစ်တော့ မကော့ဆိုတဲ့ စတုတ္ထတန်း ကျောင်းသူလေး ဦးနှောက်ကို မိုင်းစ၀င်ပြီး ဆုံးသွားတယ်'' ဟု ပြောကြားသည်။
ကေအိုင်အေ၊ တပ်မတော် စစ်ကြောင်းနှင့် နီးသော ကျေးရွာများတွင် ကျွဲနွားများ မကြာခဏ မိုင်းမိသေဆုံး လျက်ရှိပြီး ဒေသခံများမှာ ကောက်ရိတ်သိမ်းချိန် ရောက်နေသော်လည်း မိုင်းအန္တရာယ်ကြောင့် မရိတ်သိမ်း နိုင်သေးကြောင်း သိရသည်။  
Eleven Media Group