အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၅၈ ခု၊ အဆို ကိုးခု တင်သွင်း

ပို့စ်တင်ချိန် - 11/16/2013 06:31:00 PM


အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း ၅၈ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၁၉၅ ခု၊ အဆိုကိုးခု တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော် အစည်းအဝေး နိုဝင်ဘာ ၁၄ ရက်တွင် ပြီးဆုံးခဲ့သည်။
''အခုကျင်းပခဲ့တဲ့ အဋ္ဌမပုံမှန် အစည်းအဝေးမှာ ကြယ်ပွင့်ပြ မေးခွန်းနှစ်ခုဟာ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းသည့် မေးခွန်းဖြစ်သည်ဟု သတ်မှတ်သည့် အတွက် နိုင်ငံတော် ပြန်တမ်းနဲ့ သတင်းစာတွေမှာ ထည့်သွင်းခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုကိုးခုအနက် အဆိုသုံးခု အတည်ပြုခဲ့ပြီး အဆိုနှစ်ခုကို မှတ်တမ်းတင်နိုင် ခဲ့ပါတယ်'' ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်မှ ပေးပို့သည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကြမ်း၊ တိုင်းရင်းဆေးဝါး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အဆိပ်များ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့က လက်ရှိဘဏ္ဍာရေး အခြေအနေအရ ထိုက်သင့်သည့် နှုန်းထားများကို ပြုစုပြီး လွှတ်တော်ကို တင်ပြရန်လိုကြောင်း၊ အဆိုပါ ဥပဒေကြမ်းများကို နောက်လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။
အမျိုးသားလွှတ်တော် န၀မပုံမှန် အစည်းအဝေးများကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် ခေါ်ယူမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ခေါ်ယူရန်ရှိပါက မူလလျာထားချက် ပြောင်းလဲမှု ရှိမယ်ဆိုရင် အကြောင်းကြားမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဋ္ဌမပုံမှန် အစည်းအဝေး နောက်ဆုံးနေ့တွင် ပြောကြားသည်။
Eleven Media Group