တနင်္သာရီ ကမ်းရိုးတန်းတွင် မုန်တိုင်းဝင်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း

ပို့စ်တင်ချိန် - 11/16/2013 06:19:00 PM


(နိုဝင်ဘာ ၁၄ ရက်က တနင်္သာရီ ကမ်းရိုးတန်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်ကို တွေ့ရစဉ်)

တနင်္သာရီ ကမ်းရိုးတန်းတွင် မုန်တိုင်းဝင်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး အချိန်အခါမဟုတ် ရွာသွန်းမှုများ ရှိနေကြောင်း သိရသည်။

စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN မှ ဆင်းသက်လာသည့် လေဖိအားနည်းဆဲလ် INVEST 90 W သည် တောင်တရုတ် ပင်လယ်ပြင်ကို ဖြတ်သန်းလာပြီးနောက် နိုဝင်ဘာ ၁၃ ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဖြတ်သန်းခဲ့ကြောင်း သိရသည်။ ဗဟိုလေတိုက်နှုန်း တစ်နာရီမိုင် ၆၀ ရှိသည့် အဆိုပါ မုန်တိုင်းငယ်မှာ ကမ္ဘောဒီးယားနှင့် ထိုင်းပင်လယ်ကွေ့ကို ဖြတ်သန်းလာပြီးနောက် နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ၊ တနင်္သာရီ ကမ်းရိုးတန်းအား ဖြတ်သန်းဝင်ရောက်မည် ဖြစ်ကာ ပင်လယ်ပြင် အတွင်းသို့ စတင်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

''နိုဝင်ဘာ ၁၆ နဲ့ ၁၇ မှာ မြိတ်နဲ့ ကော့သောင်းကြားကို ဖြတ်သန်းမယ်လို့ သိရတယ်။ အင်တာနက် ခန့်မှန်းချက်တွေထဲမှာ ဖော်ပြထားသလို မြိတ်နဲ့ ထားဝယ်ကြားတော့ မဖြစ်နိုင်ပါဘူး။ မြိတ်နဲ့ ကော့သောင်းကြားကို ဖြတ်သန်းလိမ့်မယ်။ ကျွန်တော်တို့ သိတာက အခုပင်လယ်ပြင်ထဲမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ရှိနေပါတယ်။ ဒါကြောင့် သစ်လှေတွေကို ထွက်ခွာခွင့် မပြုထားဘဲ သံခွံသင်္ဘောကြီးတွေကိုပဲ သွားလာခွင့် ပေးထားပါတယ်။ နိုဝင်ဘာ ၁၆ ရက်ကျရင် အခြေအနေရ ပင်လယ်ပြင်သွား သင်္ဘောတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ရမှာပါ။ အခုတော့ အတိအကျ ပြောနိုင်တာ မရှိသေးပါဘူး'' ဟု ရေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများနှင့် မုန်တိုင်းငယ် ဆက်စပ်သတင်းများကြောင့် တာဝန်ရှိသူများက ငါးဖမ်းလှေတချို့နှင့် ငါးသယ်လှေတချို့ကို သတိပေး ပြောဆိုထားသော်လည်း တရားဝင် ကြေညာချက်များ ထုတ်ပြန်ကာ မုန်တိုင်းသတိပေး ကြေညာချက်များ ပြုလုပ်ထားခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group