၂၀၁၄ မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် ဥရောပသမဂ္ဂမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကူညီမည်

ပို့စ်တင်ချိန် - 11/16/2013 06:30:00 PM


၂၀၁၄ မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် ဥရောပသမဂ္ဂမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကူညီမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရန် ရည်ရွယ်ထားသည့် ကဏ္ဍများမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတာ ရှိပါတယ်။ ပညာရေးအတွက် စုစုပေါင်း ဘတ်ဂျက်ကတော့ အမေရိကန်ဒေါ်လာ ၈၉ သန်း ရှိပါတယ်။ မူလတန်း ကျောင်းပေါင်း ၄၀၀၀ ကျော်၊ စုစုပေါင်း ကျောင်းသားဦးရေ ၆၀၀၀၀၀ လောက် ဒီကျောင်းတွေမှာ တက်နေပါတယ်။ ဒါဟာ UN က ရည်မှန်းထားတဲ့ ထောင်စုနှစ် ရည်မှန်းချက် ပန်းတိုင်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေး နေတာလည်း ပါပါတယ်'' ဟု European Commissioner ဖြစ်သူ Andris Piebalgs က ပြောကြားသည်။
Commissioner Piebalgs က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို တိုးတက်မှု အနေဖြင့် မြင်ကြောင်း၊ အလားတူ အနာဂတ်တွင်လည်း စိန်ခေါ်မှုများစွား ရှိနေသည်ကိုလည်း မမေ့သင့်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အတွက်လည်း ထပ်မံအကူအညီ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံနှင့် ဥရောပနိုင်ငံ များအကြား ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း သုံးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်မည့် SWITCH- MART Program အား စတင်လိုက်ကြောင်း၊ အဆိုပါ စီမံကိန်းက အီးယူမှ အကူအညီ ပေးထားခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်း ကုန်ကျကြောင်း၊ အဓိကအားဖြင့် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။
Eleven Media Group