ငွေသုံးထောင် အကြွေးတောင်းရာမှ လူသတ်မှုဖြစ်

ပို့စ်တင်ချိန် - 11/16/2013 06:56:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၄။

တိုက်ကြီးမြို့နယ်၊ ကတိုင်စိန်ကျေးရွာအုပ်စု၊ ဆောက်ဝိုင်းကြီး ကျေးရွာတွင် ငွေသုံးထောင် အကြွေးတောင်းရာမှ လူသတ်မှု ဖြစ်ပွားခဲ့ ကြောင်း တိုက်ကြီးမြို့နယ်မှူးရုံးမှ တပ်ကြပ်ကြီး ဦးဇော်ဝင်းက People Power သို့ ပြောကြားသည်။

တိုက်ကြီးမြို့နယ်၊ ဆောက်ဝိုင်းကြီး ကျေးရွာနေ မတင်တင်ဝင်းသည် နိုဝင်ဘာ၁၂ရက်နေ့ ညနေပိုင်းက
အိမ်နီးချင်းနေ ကိုတင်အုန်းလေးထံ ငါးဖမ်းပိုက်ဖိုး သုံးထောင် အကြွေးတောင်းသည့် ကိစ္စဖြင့် စကားများခဲ့ပြီး နိုဝင်ဘာဘာ ၁၃ရက်နေ့ နံနက်၂နာရီတွင် အသတ်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။

မတင်တင်ဝင်း၏ ခင်ပွန်း ကိုလွမ်းမိုးအောင်သည် တော်လတိ ကျေးရွာတွင် ရေတုံကင်းတူးသည့်လုပ်ငန်းကို ညအိပ်သွားရောက် လုပ်ကိုင်နေသော ကြောင့် နိုဝင်ဘာ ၁၃ရက် နံနက် ၂နာရီခန့်တွင် နေအိမ်တွင် တစ်ယောက် တည်းအိပ်နေစဉ် ကိုတင်အုန်းလေးမှ မတင်တင်ဝင်း အကြွေး တောင်းသည့်
ကိစ္စကို မကျေမနပ်ဖြစ်ကာ ဓားဖြင့်ခုတ်သတ်သောကြောင့် ကတိုင်ဇိန်ကျေးရွာရဲစခန်းက စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“ဖြစ်တာကတော့ နံနက် ၂နာရီလောက်က ဖြစ်တာပါ။ ကျွန်တော်တို့သိတာကတော့ ၈နာရီလောက်ကမှ သိတာ”ဟု တိုက်ကြီးမြို့နယ်မှူးရုံးမှ တပ်ကြပ်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။

ယင်းဓားခုတ်မှုကြောင့် ဦးခေါင်းနောက်စေ့၊ မျက်နှာ ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာ ၁၃ရက် နံနက် ၈နာရီတွင် သိရ ကြောင်း တိုက်ကြီးမြို့နယ်မှူးရုံးမှ တပ်ကြပ်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။

မတင်တင်ဝင်း အသက် ၂၇နှစ်အား ဓားဖြင့်ခုတ်သတ်သော ကိုတင်အုန်းလေး အသက် ၃၄နှစ် (ဘ)ဦးထွန်းရွှေအား အရေးယူပေးရန် တိုင် တန်းသဖြင့် ကတိုင်ဇိန်နယ်မြေ ရဲစခန်း (ပ) ၄၉/၂၀၁၃ ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ပြီး၊ အရေး ယူထားကြာင်း တပ်ကြပ်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။

ရေးသူ-ကြည်ပြာ
တည်းဖြတ်-နီတိုး

People power