လှိုင်သာယာ စက်မှုဇုန်သို့ ပုဂ္ဂလိကကုမ္ပဏီ ဓနရာဇာမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန်စီစဉ်နေ

ပို့စ်တင်ချိန် - 11/16/2013 06:25:00 PM

ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်ဝင်းအတွင်း တစ်နေရာအား တွေ့မြင်ရစဉ်

ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ ဓနရာဇာ ကုမ္ပဏီမှ လှိုင်သာယာ စက်မှုဇုန်သို့ တစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် စီစဉ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံးမှ သိရသည်။
ယင်းကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၂ ရက်က လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီရုံး၊ ကနောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
''လှိုင်သာယာ စက်မှုဇုန်ကို ပုဂ္ဂလိက ကုမ္ပဏီက လျှပ်စစ်မီးပေးဖို့ကို ဓနရာဇာ ကုမ္ပဏီနဲ့ YESB (ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့) နဲ့ ပေါင်းပြီး ဓာတ်အားပေးမှာပါ။ ဓာတ်အား ပေးတာကိုတော့ ၂၀၁၄ အစောပိုင်းကာလမှာ ပေးနိုင်ဖို့တော့ စီစဉ်နေပါတယ်။ ဒီကြားထဲ စာချုပ်ချုပ်ဆိုမှုတွေ ပြုလုပ်ရဦးမှာပါ။ ပြီးမှ အသေးစိတ် အစီအစဉ်တွေ သိရမှာဖြစ်ပြီး တစ်ယူနစ်ကို ၁၅၀ ကျပ်နှုန်းနဲ့ အကြမ်းဖျင်း သဘောတူ ထားပါတယ်'' ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံးမှ အမှုဆောင် အင်ဂျင်နီယာ ကိုအောင်ကျော်ဦးက နိုဝင်ဘာ ၁၄ ရက်က ပြောကြားသည်။
''လှိုင်သာယာ စက်မှုဇုန်ကို ဓနရာဇာ ကုမ္ပဏီအနေနဲ့ မီးပေးမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်အတွင်း ဘယ်လပိုင်းမှာ ဓာတ်အားစပေး နိုင်မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု The Daily Eleven သတင်းစာ၏ ဆက်သွယ် မေးမြန်းချက်အပေါ် ကိုအောင်ကျော်ဦးက ပြောကြားသည်။
အချိန်အကန့်အသတ်ဖြင့်သာ မီးရနေသော၊ လျှပ်စစ်မီး အပြည့်အ၀ မရသည့် စက်မှုဇုန်များသို့ အစိုးရဈေးဖြင့် မီးမပေးဘဲ ပုဂ္ဂလိက အနေဖြင့်သာပေးရန် စီစဉ်ထားကြောင်း လျှပ်စစ်ဝန်ကြီးက ပြောကြားသည်။
 ပုဂ္ဂလိကသို့ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ပြုမည် ဆိုပါက စံသတ်မှတ်ထားသည့်ဈေးနှုန်း၊ အချက်အလက်များ ပါသည့်  ဥပဒေတစ်ရပ်ကို အတည်ပြုပြီးမှ ချထားပေးသင့်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
ထို့ပြင် ၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်မီကတည်းက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့် ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အထိပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းကာ ရပ်ဆိုင်းခဲ့သည်။ ထို့နောက် တိုးမြှင့်ထားသည့် မီတာခနှုန်းထားအား ပြန်လည် လျှော့ချပေးမည် မဟုတ်ဘဲ လာမည့် ဘဏ္ဍာနှစ်အစမှစ၍ စတင်ကောက်ခံ သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
Eleven Media Group