ဆိုင်ကယ်စီးနင်းသူ ရထားတိုက်မိ သေဆုံးမှုဖြစ်ပွား

ပို့စ်တင်ချိန် - 11/16/2013 06:46:00 PM


မုံရွာ ၊ ၁၅-၁၁-၂ဝ၁၃

မုံရွာမြို့ ၊ အိုးဘိုတောင် ရပ်ကွက် ၊ အာစိဏ္ဏရာမ ဘုန်းတော်ကြီး ကျောင်းလမ်း ၊ သံလမ်းကူး တွင် နိုဝင်ဘာ ၁၄ ရက်ညနေ ၅ နာရီက ဆိုင်ကယ် စီးနင်းသူအား ရထားတိုက်မိ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်မာ့ မီးရထားမှ စက်ခေါင်းမောင်း ဦးမောင်မောင်ဆန်း မောင်းနှင် လာသည့် ရထားစက် ခေါင်းအမှတ်( RBE - 2587 ) အမှတ်(၂) အဆန် ဗောဓိတထောင် – အလုံ ခရီးသည်တင် မြို့ပတ်ရထား သည် တောင်မှမြောက် သို့ ခုတ်မောင်း လာစဉ် မီးရထား မိုင်တိုင်အမှတ် ၇၇/၆ နှင့် ၇၇/၇ အကြား အာစိဏ္ဏရာမ ဘုန်းတော်ကြီး ကျောင်းအနီး သံလမ်းကူး လမ်းဆုံ အရောက်၌ အရှေ့မှ အနောက်သို့ မုံရွာမြို့ ၊ အိုးဘိုတောင် ရပ်ကွက်နေ မြင့်အောင် ၂၅ နှစ် (ဘ) ဦးသာချော မောင်းနှင် လာသော ၁၆ယ/----- LONSIM 125 အနက်ရောင် ဆိုင်ကယ် သည် ရထားသံလမ်း ကို အရှေ့မှ အနောက်သို့ ဖြတ်ကူးစဉ် ရထားဖြင့် ဝင်ရောက် တိုက်မိ၍ မြင့်အောင်တွင် ဦးခေါင်းထိပ် ပေါက်ပြဲ ၊ ဝဲ/ယာနား သွေးထွက် ၊ ဝဲပါးပေါက် ၊ ဝဲ/ယာ ဒူးခေါင်း ဖူးရောင် ပေါက်ပြဲဒဏ်ရာ များဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့မ ရဲစခန်းမှ မြင့်အောင် သေဆုံးရခြင်းမှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်- မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၁/၂ဝ၁၃ ဖြင့် ရေးဖွင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

ပြည်ချစ်သား