ခရစ်စမတ်ပွဲတော်-ခရစ်စမတ်နေ့နဲ့  အပြည့်အ၀ မပျော်နိုင်သေးတဲ့ ဘ၀များ

ပို့စ်တင်ချိန် - 12/26/2013 09:01:00 AM


ချမ်းအေးလှတဲ့ ဒီဇင်ဘာဆောင်းရာသီ ခုလိုချိန်ဟာ ခရစ်ယာန် ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ဘာသာရေး ပွဲတော်တခုဖြစ်တဲ့ ခရစ်စမတ် ပွဲတော်ရက် အချိန်အခါသမယ ကျရောက်ချိန်ဖြစ်ပါတယ်။

ဒီလိုအချိန် ဒီလိုနေ့ရက်တွေမှာ ကမ္ဘာ့နိုင်ငံ အတော်များများမှာ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ခရစ်ယာန်နိုင်ငံတွေမှာ သာမက ကမ္ဘာ့တ၀န်း နိုင်ငံတွေက လူမျိုးအသီးသီးတို့ဟာ ခရစ်စမတ်ပွဲတော်ကို ယဉ်ကျေးမှုအလိုက် ခရစ်တော် မွေးနေ့ကို ပုံသဏ္ဌာန်မျိုးစုံနဲ့ ကိုယ်စီ ပါဝင်ဆင်နွှဲကြပါတယ်။

ကမ္ဘာတ၀န်းလုံးမှာ ခရစ်စမတ်ပွဲတော်ကျင်းပကျတဲ့အလျောက် မြန်မာနိုင်ငံအနှံ့က ခရစ်ယာန် ဘာသာဝင်တွေကလည်း ခရစ်တော်မွေးနေ့ကို ကိုယ်စီ ကျင်းပနေကြပါတယ်။ ဒီဇင်ဘာလထဲမှာဆိုရင် ကယ်ရိုသီချင်းဆိုထွက်ကြတဲ့အနေနဲ့ မိတ်ဆွေ ဆွေမျိုး အပေါင်းအသင်း တွေရဲ့ နေအိမ်တွေမှာ ဓမ္မတေးတွေ လိုက်လံသီဆိုနှုတ်ဆက်ကြပါတယ်။

မြန်မာ ဟစ်ဟော့ အဆိုတော် အနဂ္ဂကကတော့ ဒီဇင်ဘာလ ၂၄ ညတုန်းက သူတို့ First Music Agency အဖွဲ့အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကိုသွားရောက်ပြီး ကယ်ရိုသီဆိုနှုတ်ဆက်ခဲ့သလို ဒီကနေ့ည ပြုလုပ်မယ့် အစီစဉ်နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“မနေ့ကညကတော့ အန်တီစုအိမ်မှာ ကယ်ရို သွားဆိုကြတယ်။ ဒီနေ့ကတော့ မနက်မိုးလင်းကတည်းက သီချင်းဆိုတာ တောက်လျှောက်ပဲ၊ ညနေကြရင် ကျနော်တို့ First Music Agency က အဆိုတော်တွေ အကုန်လုံး စီဒိုးနားမှာ ညစာ စားမလို့ စီစဉ်ထားတယ်။”

ထိုင်း-မြန်မာနယ်စပ်က ခရစ်ယာန်ဘာသာဝင်တွေအများအပြား ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်း တခုဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာလည်း သူတို့ရဲ့ ဘုရားကျောင်းတွေမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ကစလို့ ခရစ်မတ် ၀တ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ မယ်လ နှစ်ခြင်းအသင်းတော်က ခရစ်စမတ်ပွဲ ကျင်းပပုံကိုလည်း အသင်းတော် အတွင်းရေးမှူး ဆရာချိုက အခုလို ပြောပါတယ်။

“ခရစ်စမတ် ၂၄ ရက်ညမှာ အကတွေ ပြဇာတ်တွေနဲ့ တင်ဆက်တယ်။ အသင်းတော်မှာ ပါဝင်တဲ့သူတွေကို လက်ဆောင်ပေးတယ်။ အက ပြဇာတ်တင်ဆက်တဲ့ ကြားထဲမှာ နှုတ်ကပတ်တော် ပြောတာလည်း ရှိတယ်။ ဒီနေ့မှာ ၀တ်ပြုတာပဲ သီးသန့်လုပ်တယ်။”

ဒီလိုခရစ်ပွဲတော်ကို ကျင်းပရလို့ ပျော်ရွှင်ပေမယ့်လည်း ကိုယ့်ရပ်ကိုယ့်ရွာ မဟုတ်တော့ အပြည့်အ၀တော့ ပျော်ရင်မှုမရှိဘူးလို့ မယ်လဒုက္ခစခန်းမှာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက နေထိုင်လာတဲ့ ဆရာချိုက ပြောပါတယ်။

“ခရစ်စမတ်ကို ကိုယ့်ရပ် ကိုယ့်ရွာမှာ ကျင်းပတာ အပျော်ရွှင်ဆုံးပေါ့။ သူများနိုင်ငံမှာဆိုတော့ လွတ်လပ်မှုသိပ်မရှိဘူး။ ကိုယ့်ရပ် ကိုယ့်ရွာမှာ လွတ်လွတ်လပ်လပ် ဆိုကလို့ရတာပေါ့။ သူများနေရာမှာ လာလုပ်တာ လွတ်လပ်မှုတော့ သိပ်မရှိဘူးပေါ့။ ဒီစခန်းထဲမှာက သူများတိုင်းပြည်၊ သူများစည်းမျဉ်းအောက်မှာ လုပ်တယ်ဆိုတော့ ကိုယ့်ရပ် ကိုယ့်ရွာမှာလို မလွတ်လပ်ဘူး။ ”

အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး မလုပ်သေးတဲ့ ကချင်ပြည်နယ်မှာတော့ ကချင်စစ်ပြေး ဒုက္ခသည် ၈ သောင်းကျော်ရှိနေပြီး ဒီနှစ်မှာတော့ သူတိုရဲ့ ဒုက္ခသည်စခန်းတွေမှာ ကိုယ်စီကျင်းပကြတယ်လို့ ကချင်စစ်ပြေးဒုက္ခသည်ကူညီရေး ကော်မတီဥက္ကဋ္ဌ ဦးတွဲပီစာက ပြောပါတယ်။

ဒီနှစ်မှာတော့ အရင်နှစ်လို တိုက်ပွဲတွေ မများတော့တဲ့အတွက် ကချင်ဒုက္ခသည် စခန်းတိုင်း လိုလိုမှာ ကျင်းပကြတယ်လို့ ပြောပါတယ်။ ဒါ့ပြင် လာမယ့်နှစ်မှာ ကချင်မြေမှာ ငြိမ်းချမ်းရေးရမယ်လို့လည်း လူထုတွေက မျှော်လင့်နေကြတာပါ။

“စခန်းတိုင်းမှာတော့ လုပ်ကြမှာပဲ။ စခန်းတိုင်းမှာ ဓမ္မဆရာတွေရှိတယ်၊ သူတို့ ဦးဆောင်ပြီးမှ လုပ်ကြတယ်။ တချို့နေရာမှာ နည်းနည်းစောပြီးလုပ်တဲ့သူရှိသလို တချို့နေရာတွေမှာ ၃၀ လောက်မှ လုပ်တာလည်း ရှိတယ်။ နှစ်သစ်မှာ အေးအေးဆေးဆေးဖြစ်ချင်တယ်။ နှစ်သစ်ဆိုတော့ မျှော်လင့်ချက်တော့ အများကြီး ရှိတာပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၂ တုန်းက တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ထွက်ပြေးခိုလှုံလာကြတဲ့ ကချင်ဒုက္ခသည် အများစုဟာလည်း ဒီနှစ်မှာတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ ခရစ်စမတ် ပြန်လည် ကျင်းပနိုင်ကြပြီဖြစ်ပေမယ့် တချို့ကတော့ မကျင်းပနိုင်သေးဘူးလို့ ဖားကန့်မြို့ခံ ဦးလာဆိုင်းက ပြောပါတယ်။

“နယ်မြေတခုလောက်ပါပဲ။ ကန်စီး ဒေသဘက်မှာပဲ မပြန်နိုင်ကြသေးဘူး။ တော်တော်များများကတော့ ကိုယ့်ရပ် ကိုယ့်ဒေသမှာ ပြန်လည် ကျင်းပနိုင်ကြပါတယ်။”

နောက်လာမယ့်နှစ်တွေမှာ ကျရောက်မယ့် ခရစ်စမတ်ပွဲတော်ရက်တွေမှာတော့ ကမ္ဘာတ၀န်းလုံးက ခရစ်ယာန် ဘာသာဝင်တွေ လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြရသလို မြန်မာပြည်တွင်းက ဒုက္ခသည်တွေလည်း စစ်ဘေး စစ်ဒဏ်တွေနဲ့ ကင်းဝေးပြီး ပူပင်သောက ကင်းစွာနဲ့ ခရစ်စမတ်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံး ခရစ်စမတ်ရက်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
DVB Burmese