မန္တလေး မောင်ကိန်းရွှေဆိုင် သေနတ်ဖောက် ဓားပြတိုက်မှုတွင် ဖမ်းမိထားသူ ပြည်ခိုင်ဖြိုးအမတ်၏ တူဖြစ်နေ

ပို့စ်တင်ချိန် - 12/26/2013 11:51:00 AM


မျိုးသန့်|ဒီဇင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၃ ခုနှစ်

မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်မှုတွင် ဖမ်းမိထားသူက မိမိသည် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးလျူကွယ်ရှိ၏တူဖြစ်သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သည်။

မန္တလေးမြို့ လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် လုယက်မှု၌ အမျိုးသားလေးဦးပါဝင်ကာ အသက် ၃၀ အရွယ် အားရှန့်ကို ဖမ်းဆီးမိခဲ့ပြီး ရဲစခန်းက စစ်ဆေးရာတွင် အထက်ပါအတိုင်း ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းကိုင်ဆောင်ခဲ့သည့် သေနတ်သည်လည်း ဦးလေးဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလျူကွယ်ရှိ၏ နေအိမ်လုံခြုံရေးအစောင့် ကိုင်ဆောင်သော သေနတ်ဖြစ်သည်ဟု ထွက်ဆိုခဲ့ ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

လုယက်မှုကျူးလွန်ခဲ့သူ အားရှန့်(၃၀-နှစ်)သည် ဦးလေးဖြစ်သူ ကိုးကန့်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်စောင့်များထံမှ အီတလီနိုင်ငံထုတ် Pietro Beretta အမျိုးအစား သေနတ်ကို ယူဆောင် ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အားရှန့်သည် ဇနီးနှင့်ကလေးတစ်ဦးတို့နှင့်အတူ လောက်ကိုင်တွင်နေထိုင်ကာ ကျောက်အရောင်းအ၀ယ် ပြုလုပ်နေပြီး မန္တလေးမြို့သို့ရောက်ရှိနေသည်မှာ တစ်ပတ်ခန့်သာ ရှိသေးသည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

လုယက်ခဲ့သောကိစ္စနှင့်ပတ်သက်၍ မောင်ကိန်းရွှေဆိုင်မန်နေဂျာ ဦးသိန်းအောင်က တရားလိုပြုလုပ်ကာ (ပ) ၅၅၆/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၆/၃၀၇ အရ အမှုဖွင့် စစ်ဆေးမှုကို ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါဖြစ်စဉ်အပြင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ယာဉ်ပျံရပ်ရှိ ဒေါ်ထူး ထူးနေအိမ်တွင် သတင်းပေးချက်အရ ၀င်ရောက်ရှာဖွေရာ သေနတ်ဒင်တွင် COLT စာတမ်းပါခြောက်လုံး ပြူး ကိုယ်ထည်အမှတ် ၁၄၂၀၄၆ C1 အရှည် ၆ ဒသမ ၅ လက်မ ရှိ ကျည်ခြောက်တောင့် ထည့်သည့် အမျိုးအစားတစ်ခုကို တွေ့ရှိခဲ့သဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းမှုများကို ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အားရှန့်မှာ ဖမ်းဆီးခံရချိန်တွင် ရရှိသောဒဏ်ရာများကြောင့် မေးမြန်းမှုပြုလုပ်ရာတွင် ဆက်လက် ဖြေကြားနိုင်ခြင်းမရှိသေးဟု မန်းတိုင်းရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Mizzima Burmese