ဆန္ဒပြသမားများ ထိုင်း ရွေးကောက်ပွဲမှတ်ပုံတင်ရုံးကို ၀င်စီးရန် ကြိုးစား

ပို့စ်တင်ချိန် - 12/26/2013 06:00:00 AM

Photo by Reuters

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက် ဖြစ်နေပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ရွေးကောက်ပွဲမှတ်ပုံတင်ရုံးကို ၀င်စီးဖို့ ကြိုးစားနေကြပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာထားပေမယ့် ဆန္ဒပြခေါင်းဆောင် ဆူသက်က ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်ရမယ့် အားကစားရုံထဲကို ၀င်လို့ မရအောင် တားဆီးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ဆော်သြထားပါတယ်။
ဆန္ဒပြသမားတွေ ပိတ်ဆို့ထားတဲ့ကြားက ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းအထိ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ ပါတီ ၃၅ ပါတီ ရှိသွားပြီ ဖြစ်ပါတယ်။

ပါတီနဲ့ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်တာတွေကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စတင်ခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပါတယ်။

ဆန္ဒပြသမားတွေကြောင့် အဟန့်အတားတွေ ကြုံနေရလို့ မှတ်ပုံတင်ရမယ့်ရက်ကို တိုးပေးဖွယ်ရှိတယ်လို့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ပြောထားပါတယ်။

လုပ်ငန်းစဉ်ကို နှောင့်ယှက်သူတွေကိုလည်း ထောင်ဒဏ်အထိ အပြစ်ပေးနိုင်တယ်လို့ ရဲအဖွဲ့က သတိပေးထားပါတယ်။

ဆန္ဒပြသမားတွေကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပြီး ပြုပြင်ပြောင်းလဲရေးတွေကို အရင်လုပ်ဖို့ တောင်းဆိုနေပါတယ်။

ဒါပေမယ့် ၀န်ကြီးချုပ် ယင်းလပ်ကတော့ ရွေးကောက်ပွဲ အရင်လုပ်ဖို့ အစီအစဉ်ကို နောက်မဆုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေးကိုလည်း ရွေးကောက်ပွဲအပြီး အစိုးရပေါ်ပြီးမှ ဆက်လုပ်ဖို့ အကြံပြုပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ဒီနေ့မှာ ၀န်ကြီးချုပ် ယင်းလပ်က အဆိုပြုတဲ့ ပြုပြင်ပြောင်းလဲရေး ကောင်စီမှာ ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ ရှေ့နေတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ ၄၉၉ ယောက် ပါဝင်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်း ဆောင်ရွက်ရမယ်လို့ အဆိုပြုထားပါတယ်။

လောလောဆယ် ဘန်ကောက်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပေမယ့် ၀န်ကြီးချုပ် ယင်းလပ်ဟာ ပွေ့ထိုင်း (Puea Thai) ပါတီရဲ့ အမာခံနယ်မြေဖြစ်တဲ့ နိုင်ငံအရှေ့မြောက်ဒေသမှာ ရောက်နေပါတယ်။

ရွေးကောက်ပွဲကို အကြီးဆုံးအတိုက်အခံ သက်တမ်းရင့်ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက သပိတ်မှောက်ဖို့ ကြေညာထားပါတယ်။
DVB Burmese