ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော် မန္တလေးမြို့တွင် ပြုလုပ်မည်

ပို့စ်တင်ချိန် - 1/16/2014 01:40:00 AM


ပထမအကြိမ် ဧရာဝတီ စာပေပွဲတော်တွင် စာအုပ်ရောင်းချနေစဉ်
ယဉ်ကျေးမှု၊ စာပေ ဂီတဆိုင်ရာ အမွေအနှစ်တွေကို နိုင်ငံတကာက သိခွင့်ရရေးနဲ့ အပြန်အလှန် အကျိုးရှိရေးအတွက် ရည်ရွယ်ပြီး ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့ ကုသိုလ်တော်ဘုရားဝင်းထဲမှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ၁၆ ရက်အထိ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ဧရာဝတီ စာပေပွဲတော်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စာပေနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တခု ဟောပြောနိုင်ဖို့ ထည့်သွင်းထားပြီး စာရေးဆရာတွေ စာပေ ပညာရှင်တွေက စာတမ်းဖတ်ကြားတာတွေ စတဲ့ အစီအစဉ်ပြုလုပ်ထားကြောင်း သိရပါတယ်။
အဖိုးတန်တဲ့ ယဉ်ကျေးမှု၊ စာပေ ဂီတဆိုင်ရာ အမွေအနှစ်တွေကို နိုင်ငံတကာက သိခွင့်ရအောင် အပြန်အလှန် အကျိုးရှိမှုတွေကို ရည်မှန်းပြီး လုပ်ဆောင်တာလို့ ပွဲတော်ဖြစ်မြောက်ရေး ဆောင်ရွက်နေတဲ့ စာရေးဆရာ ဒေါက်တာအောင်မြင့် (ဆေး/မန်း)က ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ မြန်မာစာပေရှင်များနဲ့ စာဖတ်ပရိသတ်တွေ အနေနဲ့ နိုင်ငံတကာက စာပေပညာရှင်တွေနဲ့ ထိတွေ့ပိုင်ခွင့်ပါ။ နောက်တချက်ကတော့ မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ ဆရာကြီးတွေရဲ့ လက်ရာတွေ နောက်တခါကြတော့ အဖိုးတန်တဲ့ ယဉ်ကျေးမှုဆိုင်ရာ စာပေဆိုင်ရာ အမွေအနှစ်တွေကို နိုင်ငံတကာက လူတွေ သိခွင့်ရအောင်ဆိုပြီး အပြန်အလှန် ပေါ့နော်။ ကျနော်တို့ ဘက်က မေးနိုင်တာတွေ ဆွေးနွေးနိုင်တာတွေကို နိုင်ငံတကာပညာရှင်တွေကို ကိုယ်တိုင်တွေ့ခွင့်ရမယ်၊ ကိုယ်တိုင် မေးခွင့် ရမယ်။ ထို့အတူပဲ သူတို့ကလည်း ဒီဘက်က ကျနော်တို့ တင်ပြတဲ့ မြန်မာနိုင်ငံရဲ့ အဖိုးတန်တဲ့ စာပေ ယဉ်ကျေးမှု ဂီတ အဲဒီလို အမွေအနှစ်တွေကို ကျနော်တို့ ဖတ်တဲ့ စာတမ်းတွေကတဆင့် မြည်းဆန်းခွင့် ရသွားမှာ ရှိတယ်။ ဆက်ပြီးတော့ သူတို့ လေ့လာလို့ ရသွားမှာတွေ ရှိတယ်။ ဆိုတဲ့အခါကြတော့ အဲဒီလို အပြန်အလှန် အကျိုးရှိမှုတွေကို ရည်မှန်းပြီးလုပ်တာပါပဲ။”

စာပေနဲ့ ယဉ်ကျေးမှုပေါင်းစုံအတွေးအခေါ်တွေကို အပြန်အလှန်ဖလှယ်နိုင်ဖို့အတွက် ပြည်တွင်း ပြည်ပ စာရေးဆရာ၊ ကဗျာဆရာ၊ သုတေသီ ပညာရှင်တွေပါဝင်တဲ့ ပထမအကြိမ် ဧရာဝတီ စာပေပွဲတော်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ် စာပေပွဲတော်မှာ ပြည်တွင်းပြည်ပစာရေးဆရာတွေက စာပေယဉ်ကျေးမှုတွေ ဖလှယ်ခဲ့တဲ့အပြင် နိုင်ငံတကာ စာအုပ်တွေနဲ့ မြန်မာပြည်ထုတ်စာအုပ်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။
DVB