ပြည်သူ့အတွက် သိန်းတစ်ထောင် မဲဆွယ်ရန်မဟုတ်

ပို့စ်တင်ချိန် - 1/16/2014 01:35:00 PM


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည့်အချိန်ရောက်မှ လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော်က သီးသန့်ဘတ်ဂျက်ငွေချပေးလာမှုသည် လက်ရှိလွှတ်တော်တွင်း အမတ်နေရာ ၉၀ ရာခိုင်နှုန်းဝန်းကျင် အနိုင်ရထားသော ပြည်ခိုင်ဖြိုးပါတီအတွက် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးလက်နက်တစ်ခုဖြစ်လာနိုင်ကြောင်း ဒီမိုကရေစီအတိုက်အခံအင်အားစုများက ထောက်ပြဝေဖန်မှုများရှိလာသည်။

ငွေကျပ် ၃ ဒသမ ၃ ဘီလီယံကျော် အကုန်အကျခံကာ တစ်တိုင်းပြည်လုံးရှိ မြို့နယ်များ၏ဖွံ့ဖြိုးရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များက ဦးစီးကာ ဆောင်ရွက်ကြတော့မည့် မြင်ကွင်းကို မကြာမီကာလများတွင် တွေ့မြင်ရတော့မည်ဖြစ်သည်။

လွှတ်တော်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေးများ ရပ်နားနေချိန်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် ပြည်ထောင်စုလွှတ်တော်က မကြာသေးမီကာလမှစတင်ကာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ငွေကျပ်သိန်းတစ်ထောင်ကိုအသုံးပြုကာ ရပ်အကျိုးရွာအကျိုး ဆောင်ရွက်ရန်ဖြစ်သည်။

တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်နှုန်းဖြင့် တစ်တိုင်းပြည်လုံးရှိ မြို့နယ်ပေါင်း ၃၃၀ အတွက် ငွေကျပ်သိန်းပေါင်းသုံးသောင်းသုံးထောင်ကျော် (၃ ဒသမ ၃ ဘီလီယံ)ကို ၂၀၁၃-၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဘဏ္ဍာငွေမှ ချပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည့်အချိန်ရောက်မှ လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော်က သီးသန့်ဘတ်ဂျက်ငွေချပေးလာမှုသည် လက်ရှိလွှတ်တော်တွင်း အမတ်နေရာ ၉၀ ရာခိုင်နှုန်းဝန်းကျင် အနိုင်ရထားသော ပြည်ခိုင်ဖြိုးပါတီအတွက် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေး လက်နက်တစ်ခုဖြစ်လာနိုင်ကြောင်း ဒီမိုကရေစီအတိုက်အခံအင်အားစုများက ထောက်ပြဝေဖန်မှုများရှိလာသည်။

“ဒါကတော့ လွှတ်တော်ကိုယ်စားလှယ်ကို သိန်းတစ်ထောင်နဲ့ ကြော်ငြာထိုးတဲ့သဘောပါပဲ”ဟု အမျိုးသားဒီမိုကရေစီသစ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ဘတ်ဂျက်ငွေချထားပေးမှုသည် လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစီအစဉ်ပင်ဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကဆိုသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြို့နယ်အလိုက် သက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်လိုက်သော ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၌ ဖော်ပြထားသည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် နာယကအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလည်းကောင်း၊ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအဖြစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ညှိနှိုင်းသတ်မှတ် တာဝန်ယူဆောင်ရွက်ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။

လုပ်ငန်းများဆောင်ရွက်ရန် ကုန်ကျငွေကို ဘဏ်စာရင်းမှ ထုတ်ယူရာတွင်လည်း မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့တွင် ပါဝင်သော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏လက်မှတ်ဖြင့် ထုတ်ယူနိုင်သည်။

“အခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက ပြည်ခိုင်ဖြိုးကပေါ့ဗျာ။ လက်ရှိ ဒီသိန်းတစ်ထောင်ဆိုတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကလည်း ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေ အဓိကစီမံခန့်ခွဲနိုင်တဲ့ ဘောင်အတွင်းကို ရောက်သွားတာပေါ့”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကလည်း ထောက်ပြခဲ့သည်။

၂၀၁၀ ရွေးကောက်အကြိုကာလများတွင်လည်း တစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် လမ်းအချို့ကို ကွန်ကရစ်လမ်းဖောက်ပေးခြင်းနှင့် ရေတွင်းများတူးဖော်ပေးခြင်းများကို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမြောက်အမြားလုပ်ဆောင်ပေးမှုများလည်း ရှိခဲ့သည်။ ထို့အပြင် ၀န်ကြီးနှင့်အစိုးရအဖွဲ့ကပင် ၎င်းတို့၏ခရီးစဉ်နှင့် လုပ်ငန်းများကို ပါတီစည်းရုံးရေးအသွင် အသုံးချလုပ်ကိုင်ခဲ့သည်များလည်း ရှိသည်။

လက်ရှိ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရေးအဖွဲ့တွင် ပါတီပေါင်းစုံမှ လွှတ်တော်ကိုယ်စားလှယ်များပါဝင်နေသည့်အပြင် မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများလည်း ပါဝင်နေသည့်အတွက် ပြင်ပမှ ဝေဖန်နေသည့်အတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးရေးဆင်းသည်မှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသာဝင်းက ပြန်လည်တုံ့ပြန်သည်။

ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ဆောင်ရွက်သော လုပ်ငန်းများသည် သက်ဆိုင်ရာနယ်မြေရှိ ပြည်သူများအတွက် အမှန်တကယ်ဆောင်ရွက်ပေးသင့်ပြီး ယင်းပြည်သူများကလည်း အမှန်တကယ်လက်ခံနိုင်သောလုပ်ငန်းများ ဖြစ်ရမည်ဟုလည်း ထည့်သွင်းထားသည်။

မဲဆန္ဒနယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေချထားပေးမှုကို ပြည်ထောင်စုလွှတ်တော်နာယကက ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး လွှတ်တော်နှစ်ရပ်၏ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့ပါဝင်သည့် ကော်မတီက တင်ပြလာသော လုပ်ငန်းများကိုစိစစ်ပြီး ဘဏ္ဍာငွေကို ဘဏ်စာရင်းဖွင့်ကာ ချထားပေးခြင်းဖြစ်သည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးမှုကို စစ်ဆေးရာတွင် ယင်းကော်မတီသည် လုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးအဖွဲ့အား သင့်လျော်သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ကြောင်း၊ ကော်မတီသည် ရန်ပုံငွေသုံးစွဲမှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးနိုင်ရန် လိုအပ်သလိုစီစဉ်ဆောင်ရွက်ရမည်ဟု ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင်ပါရှိသည်။

လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းတစ်ထောင် သုံးစွဲခွင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များအား သီးခြားရပ်တည်နေရမည်ဆိုသောအချက်အား ဆန့်ကျင်သည့်သဘောဆောင်နေသည့်အတွက် နိုင်ငံတော်သမ္မက ပြည်ထောင်စုလွှတ်တော်နာယကထံ သ၀ဏ်လွှာပေးပို့ခဲ့သည်။

သို့သော် သမ္မတအနေဖြင့် လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ယင်းပါတီကို ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်နေသည့်အတွက် သိန်းတစ်ထောင်ကိစ္စရပ်ကို ဆက်လက်ပြောဆိုမှုမရှိသည်ကိုတွေ့ရကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကပြောသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလအထိ တစ်မြို့နယ်လျှင် ငွေကျပ်သိန်းတစ်ထောင်သုံးစွဲရန် ခွင့်ပြုချက်တောင်းခံထားသည့် မြို့နယ်ပေါင်း တစ်ရာကျော်ရှိနေပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှသိရသည်။

လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်လုပ်ကိုင်မည့် ဒေသဖွံ့ဖြိုးရေး ငွေကျပ်သိန်းတစ်ထောင်သည် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့်အတွက် ပါတီမှ လုပ်ဆောင်ပေးသည့်ပုံစံမျိုး မဖြစ်စေရန် သတိထားလုပ်ဆောင်ရမည်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကပြောသည်။

“အခုပိုက်ဆံက ပါတီကပိုက်ဆံလည်းမဟုတ်ဘူး။ နိုင်ငံတော်ကပိုက်ဆံလည်းမဟုတ်ဘူး။ ပြည်သူ့ဘဏ္ဍာငွေ။ အဲဒီတော့ ဒါကို မဲဆွယ်ဖို့အတွက် အသုံးချမယ်ဆိုရင်တော့ နိုင်ငံရေးကျင့်ဝတ်မရှိဘူးလို့ပဲ ပြောရမှာပါ”ဟု နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဒီမိုကရေစီအရင့်အမာဖြစ်နေသော အိန္ဒိယနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်များအား ဒေသခံပြည်သူများက ယုံကြည်ကိုးစားမှုရှိလာအောင် ပါလီမန်က ဒေသဖွံ့ဖြိုးရေး ဘတ်ဂျက်ငွေချထားပေးမှုများရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်များက ယင်းငွေကို အကြောင်းပြုကာ မိမိတို့ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်နိုင်ရေးကိုသာ အဓိကထားလုပ်ဆောင်ကြသည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေသည် လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်အများစုရှိနေသော ပါတီအတွက် အထောက်အပံ့ကောင်းဖြစ်နိုင်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်မရှိသေးသည့် ပါတီငယ်များအတွက် နိုင်ငံရေးအရ နစ်နာမှုများရှိနိုင်သည်ဟုလည်း နိုင်ငံရေးဆောင်းပါးများရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ထားသည်။

မဲဆန္ဒနယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများ တင်ပြရာတွင်လည်း အုပ်ချုပ်ရေးပိုင်းလွှမ်းမိုးမှုများ တစ်စိတ်တစ်ပိုင်း ရှိနေသေးသည်ဟု ဒေသခံပြည်သူအချို့ကပြောသည်။

လာမည့်နှစ်အတွင်း ကျင်းပတော့မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအ၀င် လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားထားမှုများရှိသည်။

သို့သော် ရွေးကောက်ပွဲတွင် လွတ်လပ်မှုရှိမည်ကို အတိုင်းအတာတစ်ခုအထိ မျှော်လင့်နိုင်သော်လည်း တရားမျှတမှု ရှိ၊ မရှိမှာ ရွေးကောက်ပွဲအကြိုကာလများ၌ ပါတီများ၏ မဲဆွယ်စည်းရုံးရေးပုံစံများပေါ်တွင်လည်း များစွာမူတည်နေပါသည်။ ။

ရေးသားသူ- ရန်မျိုးနိုင်
7Day News Journal