ရခိုင်တွင် တောင်သူတစ်ဦး သတ်ဖြတ်ခံရ

ပို့စ်တင်ချိန် - 1/16/2014 12:40:00 AM


(နိရဉ္စရာ- ၁၅ ဇန်န၀ါရီ ၂၀၁၄)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ယာလုပ်ငန်း လုပ်ကိုင်နေသော ရခိုင်အမျိုးသား တောင်သူတစ်ဦးအား အမည်မသိသူ လူတစ်စုက ဓါးဖြင့် အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

သတ်ဖြတ်ခံရသူမှာ ပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်း (မြေငူကျွန်း) တွင်တည်ရှိသော ၀ါးလန်းကုန်း ကျေးရွာမှ ဦးစောမောင် (ဘ)ဦးချီးစားအောင် အသက်(၄၀) ဖြစ်သည်။

သတ်ဖြတ်ခံရပုံနှင့် ပတ်သက်ပြီး ကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။

“ ဦးစောမောင်က ယာလုပ်ပါတယ်။ ယာခင်းမှာ သီးနှံတွေကို အနီးအနား ဘင်္ဂလီရွာတွေက ရွာသားတွေ အုပ်စုဖွဲ့ပြီး မကြာခဏ ၀င်ခိုးပါတယ်။ အဲဒီနေ့က တနင်္လာနေ့ပါ။ သူက အခုလို အခိုးခံနေရတော့ သူ့ယာခင်းကို အဲဒီနေ့က သွားစောင့်ပါတယ်။ အဲသလို သွားစောင့်တဲ့အခါ သူက အချိန်လွန်ပြီး အိမ်ကို ပြန်မရောက်တော့ သွားရှာကြတော့ ဓါးဒဏ်ရာတွေ အပြည့်နဲ့ ယာခင်း အနီးမှာ သေနေတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

သူ့အလောင်းအား ယခင်ထဲတွင် ရှာဖွေ တွေ့ရှိချိန်မှာ ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဖြစ်ကြောင်း သူက ပြောသည်။

သူကို သတ်သွားသူများမှာ ဘင်္ဂလီရွာသားများ ဖြစ်ကြောင်း သူတို့အနေဖြင့် ရဲစခန်းမှူး လာရောက်စစ်ဆေးစဉ် ရွာသားများက ထွက်ဆိုခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

“ သူက ယာလုပ်နေတဲ့သူပါ။ ရွာမှာလည်း ဘယ်သူနဲ့မှ ရန်ဖြစ်တာ မရှိဘူး။ သူ့ကို ခုလို လူမဆံစွာ ဓါးတွေနဲ့ ခုတ်သတ်သွားတဲ့သူတွေဟာ အနီးအနားရွာက ဘင်္ဂလီတွေ ဖြစ်တယ်ဆိုတာကို ပေါက်တောရဲစခန်းမှူးကို ကျနော်တို့ အနေနဲ့ ထွက်ဆိုလိုက်ပါတယ်။ သူတို့မှ အပ ခုလို သတ်ဖြတ်တာ ဘယ်သူမှ မဖြစ်နိုင်ဘူး ဆိုတာကို ကျနော်တို့ လက်ရာခြေရာတွေကို ကြည့်ပြီး သိပါတယ်” ဟု ဆိုသည်။

အသတ်ခံရသူ ဦးစောမောင်၏ အလောင်းအား ယမန်နေ့က ပေါက်တောမြို့ ပြည်သူ့ ဆေးရုံသို့ ယူဆောင်လာခဲ့သည်ဟု ပေါက်တောရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ သူ့အလောင်းကို မနေ့က ပေါက်တော ဆေးရုံကို ယူလာခဲ့ပြီး ခွဲစိတ်ပြီးတဲ့နောက် ရွာကို ပြန်ယူသွားပါတယ်။ ဓါးဒဏ်ရာတွေကတော့ အများကြီးပါ။ လူတစ်ဦးထက် အများက ခုတ်သတ်သွားတာ ဖြစ်ပါတယ်။ တရားခံတွေကို လိုက်လံ ဖေါ်ထုတ်နေတုန်း ဖြစ်တဲ့ အတွက် ဒီထက်ပိုပြီး တိတိကျကျ မပြောနိုင်ပါ ” ဟု ပြောသည်။

ပေါက်တောမြို့မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးအောင်မြင့်အား ဆက်သွယ်မေးကြည့်ရာ သေဆုံးသူ၏ အလောင်းကို ပေါက်တောမှ ၀ါးလန်းကုန်းရွာသို့ မနေ့က ပြန်ယူသွားကြောင်း၊ ဓါးဒဏ်ရာများမှာ ပြည့်နှက်နေပြီး ဦးခေါင်းတစ်လုံးမှာ ပွင့်ထွက်နေကြောင်း၊  ယခုအချိန်ထိ  တရားခံများကို ဖမ်းဆီးမိသည်ဟု မကြားရသေးကြောင်း သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုလို ဘင်္ဂလီများက လူသတ်မူအများအပြားကို မကြာခဏ ကျူးလွန်နေသော်လည်း အာဏာပိုင်များက လူသတ်မူ ကျူးလွန်သူများကို တိတိကျကျ အရေးယူ ဖမ်းဆီး ဖေါ်ထုတ်နိုင်ခြင်း မရှိသဖြင့် ဒေသခံ ရခိုင်များ အပေါ် ယခုလို  ဆိတ်ကွယ်ရာတွင် လုပ်ကြံ သတ်ဖြတ်မူများ  ပေါ်ပေါက်နေကြောင်း သိရသည်။

နိရဉ္စရာ