တိုယိုတာ ကားထုတ်လုပ်မှု ၂၀၁၇ အတွင်း ရပ်ဆိုင်းမည်

ပို့စ်တင်ချိန် - 2/11/2014 07:33:00 PM


မဲလ်ဘုန်း၊ ဖေဖော်ဝါရီ ၁၀

သြစတေးလျတွင် ကားထုတ်လုပ်မှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က တောင်းဆိုခဲ့သော်လည်း တိုယိုတာကား ကုမ္ပဏီက သြစတြေးလျရှိ ကားထုတ်လုပ်မှု ကို ၂၀၁၇ တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

ဖို့ဒ်ကဲ့သို့သော နာမည်ကျော်ကား ကုမ္ပဏီများက သြစတြေးလျနိုင်ငံတွင် ကားထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် နောက်ဆုံး ကျန်ရှိသည့် တိုယိုတာ ကားကုမ္ပဏီကလည်း သြစတြေးလျတွင် ကားထုတ်လုပ်သည့် လုပ်ငန်းကို ၂၀၁၇ ခုနှစ် မတိုင်မီ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သော တိုယိုတာ ကုမ္ပဏီသည် သြစတြေးလျတွင် ကားနှင့် အင်ဂျင် ထုတ်လုပ်နေမှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မဲလ်ဘုန်းမြို့ ဆင်ခြေဖုန်း နေရာတွင်ရှိသော အယ်လ်တိုနာ ကားစက်ရုံတွင် အလုပ် လုပ်ကိုင်နေသူ လူပေါင်း ၃၉၀၀ ခန့်နှင့် တိုယိုတာ ကားဒီဇိုင်းနှင့် ပတ်သက်သော အလုပ်အကိုင် ၁၅၀ ခန့်မှာ အလုပ်အကိုင် ဆုံးရှုံးမှုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

သြစတြေးလျနိုင်ငံတွင် လုပ်ကိုင်နေသော အခြားသော ကမ္ဘာကျော် ကားကုမ္ပဏီကြီးများမှာ သြစတြေးလျမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် သြစတြေးလျတွင် ကားထုတ်လုပ်ရေးလုပ်ငန်း လုံးဝ ပြိုကျသွားမည်ကို ကာကွယ်ရန်အတွက် တစ်ခုတည်းသာ ကျန်တော့သည့် တိုယိုတာ ကားကုမ္ပဏီကို လုပ်ငန်း ဆက်လက် လည်ပတ်ရန် သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က စည်းရုံးခဲ့ခြင်းလည်း ဖြစ်သည်။

“သြစတြေးလျ လုပ်ငန်း ဆက်လက် လုပ်သင့်တယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာ၊ သြစတြေးလျ ဒေါ်လာငွေ တန်ဖိုးကလည်း မာနေတာ စတဲ့ အနုတ် လက္ခဏာ ဆောင်တဲ့ အကြောင်း အချက်တွေကြောင့် အခုလို နာကျင် ခံစားရတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ” ဟု တိုယိုတာ ကားကုမ္ပဏီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြစတြေးလျတွင် ကားထုတ်လုပ်ရေး လုပ်ငန်း လုပ်ဆောင်နေသော အမေရိကန် ကားကုမ္ပဏီများ ဖြစ်သည့် General Motors က ၎င်း၏ ကားထုတ်လုပ်မှုကို ၂၀၁၇ ခုနှစ်အတွင်း ရပ်ဆိုင်းမည်ဖြစ်ရာ အလုပ်အကိုင်၂၉၀၀ ဆုံးရှုံးမည် ဖြစ်သည်။

ထို့ပြင် နောက်ထပ် အမေရိကန်ကား ကုမ္ပဏီဖြစ်သော Ford ကားကုမ္ပဏီကလည်း သြစတြေးလျတွင် လုပ်ကိုင်နေသော ကားထုတ်လုပ်ရေး လုပ်ငန်းကို ၂၀၁၆ ခုနှစ်တွင် ရပ်ဆိုင်းမည်ဖြစ်ရာ အလုပ်အကိုင် ၁၂၀၀ ဆုံးရှုံးမည် ဖြစ်သည်။

နောက်ဆုံးအနေနှင့် တစ်ခုတည်းသာ ကျန်ရှိသည့် တိုယိုတာ ကားကုမ္ပဏီကလည်း သြစတြေးလျတွင် လုပ်ကိုင်နေသော ကားထုတ်လုပ်ရေး လုပ်ငန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီးနောက် သြစတြေးလျတွင် ကားထုတ်လုပ်ရေးလုပ်ငန်း လုံးဝ ပြိုကျသွားမည် ဖြစ်သည်။

တိုယိုတာ ကားကုမ္ပဏီသည် သြစတြေးလျတွင် ၁၉၆၀ ပြည့်နှစ် အစောပိုင်းက စတင်၍ ကားထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး ရောင်းအားကောင်းသော Camry ကားများနှင့် အခြားမော်ဒယ်လ် ကားများကို ထုတ်လုပ်နေဆဲပင် ဖြစ်သည်။
The Voice Weekly