မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်း ခေါ်ဆိုခများလျှော့ချ သတ်မှတ်ပေးရန် သုံးစွဲသူများလိုလား

ပို့စ်တင်ချိန် - 2/11/2014 03:40:00 PM


အတွဲ (၁၅)၊ အမှတ် (၇)
Mon, 02/10/2014 - 12:24

နော်ဝေး နိုင်ငံနှင့် ကာတာ နိုင်ငံတို့မှ မိုဘိုင်း ဆက်သွယ်ရေး အော်ပရေတာနှစ်ခု လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ အသီးသီး ကျလာပြီဖြစ်၍ ယခုလက်ရှိ အသုံးပြုနေသော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်း ခေါ်ဆိုခများကို လျှော့ချ သတ်မှတ် ပေးသင့်သည်ဟု ပြည်တွင်း မိုဘိုင်းဖုန်း သုံးစွဲသူများက ဆိုကြသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကမှ အစိုးရကလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးခဲ့သည့် နော်ဝေအခြေစိုက် Telenor နှင့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီတို့သည် ၎င်းတို့ရောင်းချမည့်
မိုဘိုင်းဆင်းမ်ကတ်များ၏ ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ကျပ်ငါးဆယ်အောက်သတ်မှတ် ထားကြောင်း တရားဝင်အသိပေး ပြောကြားမှုများ ရှိလာသည်။

ထို့ကြောင့် လက်ရှိအသုံးပြု နေကြသည့် မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းခေါ်ဆိုခများကိုလည်း ပြင်ဆင်သတ်မှတ် ပေးရန်လိုကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းသုံးစွဲ သူများက တညီတညွတ်တည်း ပြောသည်။

“ပြည်ပက ဆက်သွယ်ရေး အော်ပရေတာနှစ်ခု လိုင်စင်ကျပြီးကတည်းက မြန်မာ့ဆက်သွယ်ရေးအနေနဲ့ သူတို့ရဲ့ဖုန်းခေါ်ဆိုခတွေနဲ့ ပတ်သက်ပြီးသုံးစွဲသူတွေကို အပြောင်းအလဲတစ်ခုခု လုပ်ပေးသင့် တယ်။ နောက်ရှစ်လလောက်အထိ အခုသတ်မှတ်ထားတဲ့ နှုန်းထားတွေနဲ့ပဲ ကောက်သွားဖို့ပဲ ရှိနေတာလား။ တော်တော်များများ မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ဦးတည်ချက်က ဆက်သွယ်ရေးဘက်မှာ လုံးဝမရှိတော့ဘူး” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသားတစ်ဦးက သူ၏ထင်မြင်ချက်ကို ပြောကြားသည်။

ယခုကဲ့သို့ ပြည်ပဆက်သွယ်ရေး အော်ပရေတာနှစ်ခု ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် တရားဝင်လိုင်စင်များ အသီးသီးရရှိလာသည့် အချိန်တွင် လက်ရှိမိုဘိုင်းဖုန်း ခေါ်ဆိုခများကို ပြောင်းလဲသတ်မှတ် ရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူအချို့မှ ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာပြောကြား၍ မရနိုင်သေးဟု ဆိုကြသည်။

ယခုလက်ရှိ မိုဘိုင်းဖုန်းသုံးစွဲ သူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးက ဖုန်းခေါ်ဆိုခများကို လျှော့ချသတ်မှတ်ပေးမှုများ ရှိလာပါကလည်း ၎င်းတို့အနေဖြင့် ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ ဝန်ဆောင်ခများကိုသာ သုံးစွဲနိုင်ဖွယ်ရှိနေသည်ဟု ဆိုကြသည်။

“ဖုန်းခေါ်ဆိုခကို လျှော့ပေးလည်း ကျွန်မတို့က ပြည်ပအော်ပရေတာ နှစ်ခုကိုပဲရွေးချယ်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် မြန်မာ့ဆက်သွယ်ရေးရဲ့ ညံ့ဖျင်းတဲ့ဝန်ဆောင်မှုကို ကျွန်မတို့ ဒီထက်ပိုပြီး မသုံး စွဲချင်တော့ပါဘူး။ အရင်ကတော့ ရွေးချယ်စရာ မရှိခဲ့ဘူး။ အခုတော့ ရွေးချယ်စရာ ရှိလာပါပြီ။ ဒါပေမယ့် ပြည်ပအော်ပရေတာတွေကို  သူတို့ စိတ်ကြိုက် မကန့်သတ်ဖို့ အရေးကြီးတယ်” ဟု မန္တလေးမြို့ တွင် နေထိုင်သည့် မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသမီးတစ်ဦးကဆိုသည်။

Telenor နှင့် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီများသည် ၎င်းတို့၏ဆင်းမ်ကတ်များကို လူတိုင်းနှင့်အနီးဆုံး နေရာများတွင် ဝယ်ယူရရှိနိုင်ရန် ရောင်းချပေးသွားမည် ဖြစ်ပြီး ထိုကုမ္ပဏီများသည် ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် အများဆုံး နှစ်ဆယ့်ငါးကျပ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်နေကြသည်။

-ယုဇနကိုကို
myanmarinternetjournal