သန်းခေါင်စာရင်း ကောက်ယူပြီးပါက နိုင်ငံသားကတ်ပြားတွင် လူမျိုး၊ ဘာသာတို့ မထည့်သွင်းပဲ ပြုလုပ်ရန် ရည်ရွယ်ထားဟုဆို

ပို့စ်တင်ချိန် - 2/11/2014 08:58:00 AM



Written by မြတ်ကျော်သူ၊ ကြယ်ပြာ

ရန်ကုန်၊ မဇ္ဈိမ ။ ။ မတ်လတွင် ကောက်ယူတော့မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက နိုင်ငံသား ကတ်ပြားလုပ်ရာတွင် လက်ရှိထည့်သွင်းထားသည့် လူမျိုးနှင့် ဘာသာဟူသည်ကို မထည့်သွင်းတော့ရန် ရည်ရွယ်ထားသည်ဟု ဖေဖော်ဝါရီ ၁ဝ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်တွင် ကျင်းပသည့် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

“အခု သန်းခေါင်စာရင်းကောက်ပြီးသွားရင် လက်ရှိ ပြဿနာဖြစ်နေတဲ့ ဘာသာ၊ လူမျိုးကိစ္စတွေ နည်းသွားအောင် မှတ်ပုံတင်မှာ အားလုံး မြန်မာပေါ့။ ဘာသာ၊ လူမျိုးဆိုတာတွေကို ထည့်မလုပ်အောင် ကျွန်တော် အကြံပြုထားပါတယ်” ဟု ဦးခင်ရီက ရှင်းလင်းပွဲ တွင် ပြောသည်။

ထို့ပြင် ဝန်ကြီးဦးခင်ရီက သန်းခေါင်စာရင်းကို “မှန်မှန်ဖြည့်ပါ” ဟူ၍သာ ရှင်းလင်းပွဲတွင် အကြိမ်ကြိမ်ပြောဆိုသွားပြီး လက်ရှိ တိုင်းရင်းသားများအငြင်းပွားနေသည့် လူမျိုးနှင့် ကုဒ်နံပါတ် (Code) များနှင့် ပတ်သက်၍လည်း ၎င်းအနေနှင့် ပြင်ဆင်နိုင်သည့် အာဏာမရှိဘဲ ပညာရှင်များ၊ ကိုယ်စားလှယ်များနှင့် တိုင်ပင်ကာ ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဦးခင်ရီက ဖြေရှင်းသည်။

မတ်လ ၃ဝ မှ ဧပြီ ၁ဝ ရက်ထိ ကောက်ယူမည့် သန်းခေါင်စာရင်းသည် ယခင်ရှိနေဆဲဖြစ်သည့် တိုင်းရင်းသား ၁၃၅ မျိုးကို အတည် ဟု သတ်မှတ်သည်မဟုတ်ဘဲ ရှိပြီးသား အချက်အလက်များအနေနှင့် ကောက်ယူခြင်းသာဖြစ်ပြီး ဒုတိယအကြိမ် ကောက်ယူလျှင် ယခုဖြစ်ပွားနေသည့် ပြဿနာများ ပြေလည်သွားနိုင်သည်ဟုဆိုပြီး ပြည်ပနိုင်ငံများသို့ တရားမဝင် ရောက်ရှိနေသည့် မြန်မာနိုင်ငံ သားများကိုလည်း အရေးယူခြင်းမပြုလုပ်ဟု ဦးခင်ရီက ကတိပေးပြောကြားခဲ့သည်။

Mizzima