ဦးပိန်တံတားပြုပြင်ရေး

ပို့စ်တင်ချိန် - 2/11/2014 07:28:00 PM


မြန်မာနိုင်ငံ၏ သမိုင်းအမွေအနှစ်ဖြစ်သောဦးပိန်တံတားကိုပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန်ပြည်သူတစ်ဦးက အကူအညီတောင်းခံထားသည်ကိုဖတ်ရှုရပါသည်။အင်မတန်ကောင်းမွန်သော အကြံညာဏ်ဖြစ်ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများက ပြုပြင်ပေးသည့်အခါ ရှေးမူမပျက် မူလအသွင်အပြင်များ မပျောက်ပျက်စေရန် တတ်ကျွမ်းနားလည်သော ပညာရှင်များနှင့်ညှိနှိုင်းတိုင်ပင်ပြီးဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ် ကျောင်းတော်ကြီးသည်လည်း သန်းနှင့်ချီသော ကျောက်တုံးများ ကို Computer Software အသုံးပြု၍ တစ်တုံးနှင့်တစ်တုံးပြန်လည်ချိတ်ဆက် တည်ဆောက်ထားခြင်းဖြစ်ကြောင်း ယင်းဌာနမှ ထုတ်ဝေရောင်းချသော VCD တွင်လေ့လာသိရှိရပါသည်။ ပြိုကျ ပျက်စီးရန်အလားအလာရှိသည့် အပိုင်းများကို ပြန်လည်ပြုပြင်ရာတွင်လည်း အတွင်းပိုင်းကိုမူလီစွဲ၍ ခိုင်ခန့်အောင်လုပ်ပြီးအပြင်ပန်းကို အင်္ဂံတေ အနည်းဆုံးဖြင့် မူလ လက်ရာမပျက်အောင် မွမ်းမံတည်ဆောက်ထားကြောင်းလည်းသိရပါသည်။ ထို့ကြောင့် ယင်းကျောင်းတော်ကြီးသို့ လာရောက်ကြသော ဧည့်သည်များ၏စိတ်တွင် တောအတွင်းမှ ပြိုပျက်နေသော ကျောင်းတော်ဟောင်းကြီးဟူသည့် ခံစားချက်ကို ရရှိစေပါသည်။ သစ်ပင်များကိုခုတ်ရာတွင် အန္တရယ်ဖြစ်နိုင်ခြေရှိသော သစ်ပင်များ
ကိုသာ မဖြစ်မနေခုတ်လှဲပစ်ပြီး ကျန်အပင်များကို သဘာဝအတိုင်းချန်ထားခဲ့ကြောင်းယင်းVCD တွင်ဖေါ်ပြထားပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့၏ ဦးပိန်တံတားကိုပြင်ဆင်ရာတွင်လည်း ရှေးဟောင်းအမွေအနှစ်လက်ရာများ မပျက်စီးစေရန် ခေတ်မီနည်းပညာများသုံး၍ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်နိုင်ရေး
တာဝန်ရှိသူများမှ သတိပြုဆောင်ရွက်ကြပါရန် စေတနာရှေ့ထား တိုက်တွန်းအပ်ပါသည်။
အန်ကောဝပ်ကျောင်းတော်ကြီး၏ သမိုင်းပတ်ဝန်းကျင် များပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် ယင်းနေရာသို့လာရောက်သော ကမ္ဘလှည့်ခရီးသည်အရေအတွက်ကို ကန့်သတ်သွားမည်ဖြစ်ကြောင်း မကြာမီက သတင်းတစ်ပုဒ်တွင်ဖတ်ရှုလိုက်ရပါသည်။ ဦးပိန်တံတားအပါအ၀င် မြန်မာနိုင်ငံ၏ တန်ဘိုးကြီး ပြီး ထိရှလွယ်သော သမိုင်းအမွေအနှစ် နေရာများကိုလည်း ယင်းကဲ့သို့ထိမ်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

Myanmar CNN မှတင်ဆက်သည်
သတင်းများကို [email protected] သို့ပေးပို့နိုင်သည်။
မောင်မျိုးချစ်